Dorian မုန်တိုင်း အင်အားပိုပြင်းလာဖွယ်ရှိ

Dorian မုန်တိုင်းဒဏ် ကာကွယ်ရန် ပြင်ဆင်နေသူတဦး။ (သြဂုတ် ၃၀၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု၊ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ဘက်ကို ရွေ့လျားတိုက်ခတ်နေတဲ့ ပြင်းအားအဆင့် ၄ ဟာရီကိန်းမုန်တိုင်း Dorian ဟာ ဒီကနေ့ထပ်ပြီး အားကောင်းလာဖို့ရှိသလို နောက်ရက်တွေမှာလည်း ဆက်အားကောင်းလာမယ့်ပုံ ရှိတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ဒီကနေ့ စနေနေ့မှာပဲ ပြောသွားပါတယ်။

ဘဟားမားကျွန်းစု အနောက်တောင်ပိုင်းမှာဆိုရင် အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ပင်လယ်ဒီရေ မြင့်တက်ပြီး သာမန်အနေအထားထက် ၉ ပေကန ၁၂ ပေလောက်ထိ ရေတက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ပင်လယ်ကမ်းခြေမှာတော့ အကြီးအကျယ်ပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဧရာမလှိုင်းလုံးကြီးတွေ ရိုက်ခတ်လာနိုင်တယ်လို့ ဟာရီကိန်းစင်တာက ပြောပါတယ်။

ဘဟားမားကျွန်းစု အရှေ့ဘက်ပိုင်းကို ဝင်တိုက်နေတဲ့ မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အမေရိကန် အရှေ့တောင်ဘက် ကမ်းရိုးတန်းတဝိုက်မှာ လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ထိ ရေလှိုင်းကြီးတွေ တက်လာစေမယ့်အပြင် rip current ဆွဲလှိုင်းတွေလည်း ပေါ်လာစေမှာပါ။

Dorian မုန်တိုင်းရဲ့ ဗဟိုချက်က ဘဟားမားကျွန်း အလယ်ပိုင်းနဲ့ အရှေ့တောင်ဘက်ပိုင်းကို ဒီကနေ့ညနဲ့ မနက်ဖြန်မှာ ဖြတ်သန်းသွားမှာဖြစ်ပြီး ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတမ်းကိုတော့ တနင်္လာနေ့နှောင်းပိုင်းမှာ ဝင်ရောက်မယ်လို့ ဟာရီကိန်းစင်တာက ပြောပါတယ်။

ဘဟားမားကျွန်း အနောက်မြောက်ပိုင်းဒေသမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားသလို ဖလော်ရီဒါပြည်နယ်မှာလည်း အမေရိကန်သမ္မတ Donald Trump က အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။

တနာရီ ၁၀ မိုင်နှုန်းနဲ့ ခပ်နှေးနှေး ရွှေ့လျားနေတဲ့ Dorian မုန်တိုင်းကြောင့် မိုးမပြတ်ရွာသွန်းပြီး လေပြင်းတို်က်ခတ်လာနိုင်တဲ့အပြင် လှိုင်းထန်မှုကြောင့် ရေကြီးရေလျှံမှုတွေပါ ဖြစ်လာနိုင်တယ်လို့ ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။

ဒီမုန်တိုင်းဟာ ၁၉၉၂ ခုနှစ်မှာ ပြင်းအား ၅ အဆင့်နဲ့ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနောက်ပိုင်း အမေရိကန်ကိုဝင်တဲ့ မုန်တိုင်းတွေထဲ အားအပြင်းဆုံး ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဖလော်ရီဒါပြည်နယ်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ ၄၀၀၀ ချထားပြီး လောင်စာဆီကို အလုံအလောက် ဖြည့်တင်းပေးထားပါတယ်။

မုန်တိုင်းလမ်းကြောင်းကို သေချာပြောလို့မရသေးလို့ လူတွေအများကြီး ဘေးလွတ်ရာကို ပြောင်းကြဖို့ လမ်းကြောင်းတော့ မကြေညာသေးပါဘူး။

ဒါပေမယ့် တပတ်စာ အစာရေစာနဲ့ ဆေးဝါးအလုံအလောက် စုထားဖို့နဲ့ မီးက ရက်အတော်ကြာ ပျက်နေမှာမို့ လိုအပ်တာ ပြင်ဆင်ထားကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

Dorian မုန်တိုင်း အင်အားပိုပြင်းလာဖွယ်ရှိ