ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့တဘက်ကမ်းမှာရှိတဲ့ တရုတ်နိုင်ငံ နယ်စပ်ရွှေလီမြို့ အတွင်း တရားမဝင်အလုပ် လုပ် ကိုင်နေတဲ့မြန်မာ အလုပ်သမားတွေကို ဒီရက်ပိုင်းမှာ တရုတ်အာဏာပိုင်တွေကနေ ဖမ်းဆီးမှုတွေများပြားလာနေပါတယ်။ အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူတွေနဲ့ တရားဝင်အလုပ်လုပ်ခွင့်စာအုပ်မရှိသူတွေကို ဖမ်းဆီးနေတယ်လို့လဲ ဒေသခံ တွေကဆိုပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ တရားဝင် လက်မှတ်ပြုလုပ်ပြီးမှ တရုတ်နိုင်ငံအတွင်းသွားရောက် အလုပ်လုပ်ဖို့ ဒေသခံမြန်မာအာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တဘက်ကမ်း တရုတ်နယ်စပ်ရွှေလီဘက်မှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေကနေ ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးမှုတွေပိုမိုများပြားလာနေပါတယ်။
အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်လုပ်ခွင့်ပါမစ်စာအုပ်တွေကို စစ်ဆေးနေတယ်လို့ ရွှေလီမြို့ခံ စိုင်းအောင်ဝင်းကပြောပါတယ်။
"သူတို့က ဟိုဘက်ကမ်းကူးတဲ့သူတွေကိုလိုက်စစ်တာပေါ့ဗျာ။ ဆီးတွေ ဘာတွေ စစ်ပြီးတော့ ဘိန်းစွဲတယ် ပြောပြီးတော့ ဖမ်းနေတာ။ နောက်ပြီးတော့ ပတ်စ်ပို့စာအုပ်အနီ ရှိတဲ့လူတွေကို ညမအိပ်ရဆိုပြီးတော့ အဲဒီဟာတွေလိုက်စစ်နေတယ်။ တရုတ်ပြည်မှာ အလုပ်သွားလုပ်မယ်ဆိုရင် ပတ်စ်ပို့အစိမ်းရောင် စာအုပ်ကိုင်ရမယ်ဆိုပြီးတော့ သူတို့က ဒါတွေပြော နေတယ်။"
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် လူတဦးမှာ စာအုပ် ၃ မျိုးကိုင်ဆောင်ထားရပြီး အစိမ်းရောင် စာအုပ်လုပ်ရင် ၆ လနေထိုင်ခွင့်ရှိပါတယ်။ အနီရောင်စာအုပ်ကတော့ မူးယစ်ဆေးဝါးကင်းရှင်းကြောင်း စစ်ဆေးထား တဲ့ စာအုပ်အပြင် ကြက်သွေးရောင်စာအုပ်ကတော့ ၇ ရက်နေခွင့်စာအုပ်လဲရှိရမှာဖြစ်ပြီး တစုံ တခု လစ်ဟင်းတာကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးထောင်ချကြောင်း စိုင်းအောင်ဝင်းကပြောပါတယ်။
ဒီရက်ပိုင်းတွေမှာမြန်မာအလုပ်သမားတွေ ရာနဲ့ချီဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ရွှေလီမြို့ခံ စိုင်းအောင်ဝင်းက ဆက်ပြောပါတယ်။
"အရေအတွက်တော့မပြောတတ်ဘူးဗျ။ ရာဂဏန်းတော့ နေ့တိုင်းနေ့တိုင်းယူနေတာဘဲ။ သူတို့က စစ်ဆေးပြီးတော့ ပိုက်ဆံရွေးနိုင်တဲ့သူက ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတာပေါ့။ မရွေးနိုင်တဲ့သူက (၆)လလောက်ထောင်ဒဏ်ချလိုက်တဲ့ သဘော မျိုးနဲ့ အဲဒီအလုပ်စခမ်းကိုပို့တာပေါ့ဗျာ။ သူတို့ဖမ်းမိတဲ့တဲ့သူတွေ သက်ဆိုင်ရာ အုပ်ထိမ်းသူ မိဘတို့ အစိုးရဆီတော့ သတင်းပို့ပေးသင့်တာပေါ့။ သူတို့ဖမ်းထားတဲ့ ဟာတွေက ဖုန်းတွေသိမ်းပြီးတော့ Contectလုပ်လို့မရအောင် လုပ်နေ တာတော့ မတရားဘူးလို့ကျွန်တော်တော့မြင်ထားတာပေါ့။"
တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းကိုရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေ နေအိမ်တွေ ဆိုင်ခန်းတွေကို တရုတ်စစ်တပ်၊ ရဲ၊ မူးယစ်အဖွဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့စတဲ့ ပူးပေါင်းအဖွဲ့တွေကနေ နေ့စဉ်စစ် ဆေး မှုတွေတင်းကြပ်လာခဲ့တာပါ။
တရုတ်အစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေမှုကို စစ်ဆေးအရေးယူသွားမဲ့အကြောင်း မြန်မာအာ ဏာပိုင်တွေနဲ့အတူပူးပေါင်းပြီး နယ်စပ်မြို့တွေမှာကျေညာထားတယ်လို့ မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူူး ဦးစန်းလှိုင် က ပြောပါတယ်။
လက်ရှိမှာတရုတ်အစိုးရအနေနဲ့တရားဝင်အလုပ်လုပ်ခွင့်ပါမစ်ကိုစီစဉ်ပြုလုပ်ပေးနေတယ်ဆိုပေမဲ့ အရေအတွက်အား ဖြင့် နည်းပါးနေသေးတာကြောင့် ထပ်မံတိုးမြင့်ပေးဖို့ မြန်မာဘက်ကတောင်းဆိုထားတယ်လို့ မူဆယ်ခရိုင် ဒုအုပ် ချုပ်ရေးမှူူး ဦးစန်းလှိုင်က ပြောပါတယ်။
"အလုပ်လုပ်ခွင့်ပါမစ်အတွက်ကို သူတို့စီစဉ်ပေးတယ်။ တရက်ကို တရာနှုန်းလောက်တော့ရအောင်လို့ သူတို့စီစဉ်ပေး တယ်။ ကျွန်တော်တို့ဘက်ကလဲ ဒီဘက်ကမေတ္တာရပ်ခံထားတာက ပြည်ပရေးရာကို။ ဒီထက်မက ပိုပြီးတော့ ထုတ်ပေး နိုင်အောင်စီစဉ်ပေးပါလို့။ သူတို့ဘက်ကလဲကြိုးစားနေပါတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ (၁၀၀)ထက်တော့ပိုပြီးတော့ မလုပ်ပေးနိုင်သေးဘူး ခုထက်ထိလေ။"
ရှမ်းပြည်နယ် မူဆယ်မြို့တဖက်ကမ်း တရုတ်နိုင်ငံရွှေလီနဲ့ ဂျယ်ဂေါင်ဘက်မှာ အလုပ်လုပ်နေတဲ့သူမြန်မာနိုင်ငံသား သောင်းဂဏန်းလောက်ရှိနေပါတယ်။
မြန်မာအလုပ်သမားတွေအနေနဲ့ တရုတ်နိုင်ငံအတွင်းအလုပ်လုပ်မယ်ဆိုရင် တရားဝင်လက်မှတ်ပြုလုပ်ပြီးမှ သွား ရောက်ဖို့ မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်ကနေ အခုလိုတိုက်တွန်းထားပါတယ်။
"တရားမဝင်အလုပ်လုပ်ကိုင်ခြင်း လုံးဝမလုပ်ဖို့လို့ ကျွန်တော်တို့ ဒါကိုအတိအကျကို ပြောလဲပြောပြောထားလို့ ဒါလေး ဘဲထပ်မှာချင်ပါတယ်။ သွားမယ်ဆိုရင်တရားဝင်သွားပါ။ နေတဲ့အခါမှာလဲ သတ်မှတ်တဲ့ကာလ အတွင်း နေထိုင်ပြီးတဲ့ အခါမှာ ပြန်ထွက်ပေးဖို့လို့။"
ယခင်ကကြက်သွေးရာင်စာအုပ်ကိုင်ဆောင်သူတွေဟာ တရုတ်နိုင်ငံအတွင်းမှာ ၇ရက်လောက်နေထိုင်ခွင့်ရပေမဲ့ အခု အခါမှာ တရက်သာနေခွင့်ရပြီး ညအိပ်ခွင့်မပြုတော့တဲ့ အခြေအနေမှာရှိနေပါတယ်။
Your browser doesn’t support HTML5