လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆု၊ "မရမ်းခြံ" ဇာတ်ကားရရှိ

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်(VOA)

ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကျမတို့ သတင်းကြေညာနေချိန်မှာပဲ ဆုပေးပွဲ အခမ်းအနား ကျင်းပနေပါတယ်။

မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကားထဲကနေ ဆု ၆ ဆု ရွေးချယ် ပေးအပ်တာဖြစ်ပြီး ဒီအထဲမှာ VOA အမေရိကန်အသံ ကလည်း ဗွီအိုအေ မှတ်တမ်းရုပ်ရှင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆု) ၊ ဒေါ်အောင်ဆန်းစုကြည်ဆု (ပြည်တွင်းမှတ်တမ်း ရုပ်ရှင်ဆု)၊ မင်းကိုနိုင် ဆု၊ ကျားမ အခွင့်အရေးတန်းတူညီဆု၊ ဟံသာတဝတီ ဦးဝင်တင်ဆု တွေ ရွေးချယ် ပေးအပ်တာမှာ ဒေါ်အောင်ဆန်း စုကြည်ဆု (နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆု) ကိုတော့ - “မရမ်းခြံ - Waves of Transition” လို့ နံမည်ပေးထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက လှေဆိပ်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။ ဒီကားကိုတော့ ဆွစ်ဇာလန်နိုင်ငံကနေ ဝင်ပြိုင်တာ ဖြစ်ပြီး ရိုက်ကူးသူကတော့ Jonas Scheu ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆု (ပြည်တွင်းမှတ်တမ်း ရုပ်ရှင်ဆု) ကိုတော့ “Non Fossils - အသွေးအသားဖြင့် တည်ဆောက်သည်” ဆိုတဲ့ မိုးသစ်ဆက်ထွန်း ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။ အခမ်းအနားကျင်းပနေဆဲဖြစ်လို့ ဗွီအိုအေ ရဲ့ဆု အပါအဝင် ကျန်တဲ့ဆုတွေ ဘယ်သူရမလဲ မသိရသေးပါဘူး။

ဒီကနေ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို နော်ဝေသံအမတ်ကြီးနဲ့ British Council ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တချို့လည်း တက်ရောက်နေကြတာ ဖြစ်ပါတယ်။