[[Zawgyi/Unicode]]
ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက နေပြည်တော်ကိုရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen ဟာ နေ့ခင်းပိုင်းမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံတွေ ဘုံစုပေါင်းဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ တဦးထဲသဘောထားနဲ့ ဖြေရှင်းဖို့ကြိုးစားတဲ့အတွက် အာဆီယံအဖွဲ့အတွက် ထိခိုက်တယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုကိုရန်နိုင်က တင်ပြပေးထားပါတယ်။
နေပြည်တော်ကို ဒီနေ့ ဇန်နဝါရီလ ၇ ရက်မှာ ရောက်လာတဲ့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen နဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနေ့ နေ့လည်ပိုင်းက နေပြည်တော် အုပ်ချုပ်ရေးကောင်စီရုံးရဲ့ သံတမန်ခန်းမဆောင်မှာ တွေ့ဆုံကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လာတဲ့ ခရီးစဉ်လို့ ကမ္ဘောဒီယားနိုင်ငံဘက်က ပြောထားတဲ့ခရီးစဉ်အတွင်း ၂ နိုင်ငံ နိုင်ငံ စီးပွားရေးကိစ္စတွေကိုလည်း ဝန်ကြီးချုပ် Hun Sen နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ခုလိုပြောပါတယ်။
“မှန်ပါတယ်။ အဲဒါလည်း ဆွေးနွေးဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နှစ်နိုင်ငံဆက်ဆံတေဲ့ စီးပွါးရေးဆိုင်ရာလုပ်တဲ့နေရာမှာ အခွန်နှစ်ထပ်ကွမ်း ကောက်တာကိုရှောင်ရှားဖို့ကိစ္စတို့၊ စီးပွါးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စ၊ ကဏ္ဍပေါင်းစုံပါဝင်ပါတယ်ဗျ။”
မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေဆောင်ရွက်နေမှုနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ကူညီနိုင်မယ့် အခြေအနေတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေကြား ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာ စစ်ကောင်စီက လက်တေ့ွအကောင်အထည် မဖော်သေးတဲ့အတွက် အာဆီယံအဖွဲ့ထဲက ဘရူနိုင်းလ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက စစ်ကောင်စီအပေါ် ဝေဖန်ပြီး ထိပ်သီးအစည်းအဝေးတွေကိုတောင် မဖိတ်ဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီအခြေအနေမှာ လတ်တလောကမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် Hun Sen မြန်မာနိုင်ငံသွားရောက်တဲ့အတွက် သူ့အနေနဲ့မြန်မာနိုင်ငံအရေးကိစ္စကို အာဆီယံအဖွဲ့အနေနဲ့မဟုတ်ဘဲ သူ့ဆန္ဒအရ သူ့နည်းနဲ့သူ ဖြေရှင်းဖို့လုပ်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမာန်အမတ်များအဖွဲ့ APHR ရဲ့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ Kasit Piromya ကသုံးသပ်ပါတယ်။ အားလုံးစုပေါင်းဆောင်ရွက်နေတဲ့ အာဆီယံရဲ့အခန်းကဏ္ဍကို ခေါင်းဆောင်တယောက်အနေနဲ့ မေ့နေပုံရတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ခရီးစဉ်နဲ့ပတ်သက်လို့ APHR ရဲ့သုံးသပ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
“သူ့ရဲ့လုပ်ဆောင်မှုက အာဆီယံအသင်းကြီးတခုလုံးအပေါ် ဂယက်ရိုက်ခတ်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံပြဿနာကို အာဆီယံအနေနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖို့ အားထုတ်မှုတွေ အများကြီး ဆုတ်ယုတ်သွားစေနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ သဘောထားကွဲမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ထင်ဟပ်စေပါတယ်။ ဒါတင်မကပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးနိုင်ပြီး လူ့အခွင့်အရေးတွေ ပြန်လည်ရရှိနိုင်အောင် ကြိုပမ်းနေကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကိုလည်း လျော့တွက်ရာရောက်ပါတယ်။ ဒါတင်မကပါဘူး သူ့ရဲ့လုပ်ရပ်က အာဆီယံအသိုင်းအဝိုင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်လေးစားခံရမှုကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် အင်ဒိုပိစိဖိတ်ဒေသ၊ အာရှပိစိဖိတ်ဒေသထဲမှာ အာဆီယံရဲ့ အရေးပါမှုကိုတောင် ထိခိုက်သွားနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ အာဆီယံအဖွဲ့ရဲ့ တိုးတက်မှုတွေ အားလျော့သွားစေနိုင်ပါတယ်။”
ဝန်ကြီးချုပ် Hun Sen အနေနဲ့ သူ့တဦးတည်းရဲ့ဆန္ဒမဟုတ်ဘဲ အာဆီယံရဲ့ မူဘောင်တွေနဲ့အညီ စုပေါင်းလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို ကျန်တဲ့ အာဆီယံ ၈ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ သူ့ကို ပြောကြားသင့်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က ပြောကြားခဲ့ပါတယ်။
အခုလိုအာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံသွားရောက်တဲ့အပေါ် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက လူထုအခြေပြုအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ထားကြပါတယ်။
ကမ္ဘောဒီယား ဝန်ကြီးချုပ် Hun Senမြန်မာပြည်နိုင်ငံရောက်နေချိန်မှာပဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့မြို့တွေမှာ သူ့ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ သူရဲ့ဓာတ်ပုံတွေကို မီးရှို့၊ ဆုတ်ဖြဲပြီး သူ့ရဲ့ခရီးစဉ်ကို သဘောမကျကြောင်း ပြသခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေမှာလည်း ဓာတ်ပုံလက်ဆင့်ကမ်း ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးအတိုက် အခံတွေ၊ သတင်းသမားတွေကို ဝန်ကြီးချုပ် Hun Sen အစိုးရက ဖိနှိပ်ထားတာကို ထောက်ပြပြီး သူဟာ ဒီမိုကရေစီကို လိုလားသူမဟုတ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ကျောင်းသားသမဂ္ဂလှုပ်ရှားသူတွေကလည်းပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ချုပ်ငြိမ်းသွားဖို့ နည်းလမ်းပေါင်းစုံနဲ့ လှုပ်ရှားသွားမယ် လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့အစည်း ၂၆၀ ကျော်ကလည်း သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူ၊ လုပ်ရပ်တွေကို ရှုတ်ချပြီး ဒီခရီးစဉ်ကိုလည်း ကန့်ကွက်ကြောင်း စုပေါင်းသဘောထားကို ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ခဲ့တာပါ။
နိုင်ငံရေးလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ မစ္စတာဟွန်ဆန်ရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှာ မဟုတ်သလို ပြည်သူကို စော်ကားတဲ့ လုပ်ရပ်တခုသာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“အာဆီယံခေါင်းဆောင်တွေ သဘောတူချမှတ်ခဲ့တဲ့ မနှစ်က ကြေညာချက်ပေါ့နော်၊ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံမှာ ပစ်ပယ်လိုက်တဲ့လုပ်ရပ်ကို Hun Sen က အာဏာရှင်အချင်းချင်း ရိုင်းပင်းကူညီတဲ့သဘောနဲ့ ပြန်ပြီးအဖက်လုပ်တယ်ဆိုတဲ့ ကိစ္စရပ်သည် အာဆီယံကို နှစ်ပိုင်းကွဲနိုင်တဲ့ အဆင့်အထိကို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါ့အပြင် အာဏာရှင်တွေက အချင်းချင်း ရိုင်းပင်းနေကြတာကို ကျမတို့ပြည်သူတွေ သိဖို့လိုတယ်၊ ဆိုတော့ အာဏာရှင်တွေ အချင်းချင်းရိုင်းပင်းသလို ကျမတို့ ပြည်သူတွေကလည်း အချင်းချင်း သွေးစည်းညီညွတ်ဖို့ လိုပါတယ်။ ကမ္ဘောဒီးယားပြည်သူတွေ Hun Sen ရဲ့ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်၊ ဆိုတော့ ကမ္ဘာဒီးယား ပြည်သူတွေနဲ့အတူ ကျမတို့မြန်မာပြည်သူတွေက ရပ်တည်ဖို့ လိုအပ်ပါတယ်။”
ဝန်ကြီးချုပ် Hun Sen အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီး မဖြစ်အောင် အခုခရီးစဉ် ထဲမှာ ဦးစားပေးလုပ်သွားမယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဌာနက ခရီးစဉ်မတိုင်ခင် သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် Hun Sen ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အစမှာ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်ရောဂါကာကွယ်ရေး ပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============