နိုင်ကျဉ်းလွှတ်ရေး အိုဘားမား တိုက်တွန်းဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေ တောင်းဆို

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီး။

မြန်မာ့အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို နှစ်မကုန်ခင် ပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးပေးပါလို့ လူ့အခွင့်အရေး အဖွဲ့ ၄၀ ကျော်က ပန်ကြားလိုက်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန် ကတိပေးထားတဲ့အတိုင်း ၂၀၁၃ ခုနှစ်မကုန်ခင် လက်ကျန် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ရက်ပိုင်းသာ ကျန်တော့ချိန်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ ထပ်မံ ဖမ်းဆီးခံရတဲ့ အခြေအနေတွေ ရှိနေတဲ့အကြောင်းဒီအဖွဲ့တွေက ထောက်ပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ကတိပေးထားတဲ့အတိုင်း ၂၀၁၃ မကုန်ခင် လက်ကျန်နိုင်ငံရေးတွေ လွှတ်ပေးဖို့နဲ့ နောက်ထပ် ဖမ်းဆီးမှုတွေ ထပ်မလုပ်ဖို့အတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ ကမ္ဘာတဝှမ်း မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ အဖွဲ့ပေါင်း ၄၂ ဖွဲ့က အမေရိကန်သမ္မတ ဘရက်အိုဘားမားကို ပူးတွဲ ပန်ကြားစာတစောင် ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

နှစ်ကုန်ဖို့ သီတင်းပတ် နှစ်ပတ်တောင် မလိုတော့တာကြောင့် လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာကို တွေ့ရသင့်ပေမဲ့၊ လောလောဆယ်မှာတော့ နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေတဲ့အကြောင်း၊ ဒီလထဲမှာတင်ပဲ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊ ဦးထင်ကျော် နဲ့ ဦးအေးသိန်း တို့ လွတ်မြောက်လာပြီးမှ ပြန်လည် ဖမ်းဆီးခံရတဲ့ အခြေအနေတွေ ရှိတဲ့အကြောင်းလည်း ဒီ ပန်ကြားစာထဲမှာ ထောက်ပြထားပါတယ်။

ဒီလို အခြေအနေကို အမေရိကန်သမ္မတကို သိစေချင်သလို၊ မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း သူ့ရဲ့ကတိကို ပြန်သတိရစေဖို့ ခုလို ပန်ကြားစာ ပေးပို့ရတာဖြစ်တဲ့အကြောင်း ဒီပန်ကြားစာ ရေးသားပေးပို့ခဲ့တဲ့ အဖွဲ့တွေထဲက တခုဖြစ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma ရဲ့ လှုပ်ရှားမှု တာဝန်ခံတဦးဖြစ်တဲ့ မိုင်းရာ ဒဲဂေဖော (Myra Dahgaypaw) က ပြောပါတယ်။

“သမ္မတအိုဘားမားကို အဲ့ဒီ့အကျဉ်းသားလွတ်မြောက်ဖို့အတွက် ကျမတို့အခုမှ အသစ်တိုးတာတော့မဟုတ်ပါဘူး။ တစ်ကြိမ်ပြီး တစ်ကြိမ် လုပ်ကြရတာပေါ့နော်။ ဒါပေမဲ့ အရေးကြီးဆုံးတစ်ခုကတော့ လွန်ခဲ့တဲ့ ဇူလိုင်လကဆို သမ္မတသိန်းစိန်ကလည်း ကြေညာထားတယ်။

အိုကေ နှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် သူတို့လုပ်ပေးမယ်ပေါ့နော်။ အခုက ရှင်းရှင်းပြောမယ်ဆို ၁၁ရက်ပဲ ကျန်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားကို ထောင်ထဲ ထားထားတာ သာမကဘဲနဲ့ ဆက်ပြီးတော့ ဖမ်းတာလည်းရှိသေးတယ်။ အဲ့ဒီ့အတွက်ကြောင့် သမ္မတသိန်းစိန် ပြောထားတဲ့အရာတွေ ကျမတို့သူ့ကို ဘယ်လောက်ယုံလို့ရမလဲ အဲ့တာကလည်း မေးခွန်းထုတ်လို့ရတယ်။ အဲ့ဒီ့အတွက် ကျမတို့စိတ်ပူတဲ့အတွက်ကြောင့် အဲ့ဒီ့နိုင်ငံရေးအကျဉ်းသားတွေအတွက်ကို ထပ်ပြီးတော့ သမ္မတအိုဘားမားကို အကူအညီတောင်းရတာဖြစ်နေတယ်။”

အမေရိကန်သမ္မတ ဘရက်အိုဘားမားအနေနဲ့ သူတို့ရဲ့ ပန်ကြားစာကို အလေးအနက်ထား ထည့်သွင်းစဉ်းစားပြီး မြန်မာအစိုးရကို ဖိအားပေးသွားဖို့ မျှော်လင့်တဲ့အကြောင်းလည်း မိုင်းရာက ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကို လိပ်မူတဲ့ ဒီ ပန်ကြားစာကို သမ္မတအိုဘားမားအပြင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ အမျိုးသားလုံခြုံရေးအကြံပေး Susan Rice တို့လို တခြား အရေးပါတဲ့ ပုဂ္ဂိုလ်တွေဆီကိုလည်း ပေးပို့ခဲ့တဲ့အကြောင်း သူက ပြောပြပါတယ်။

ဒီနှစ်ကုန်ကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတယောက်မှမရှိအောင်၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက လန်ဒန်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သလို၊ နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့တချိန်တည်းမှာ ထပ်မံ ဖမ်းဆီးမှုတွေ ရှိနေတာကို ထောက်ပြပြီး၊ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ကို ဖိအားပေး ပြောဆိုနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ပေးပို့ခဲ့တဲ့ ဒီပန်ကြားစာကို အမေရိကန်၊ အိုင်ယာလန်၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း စတဲ့နိုင်ငံတွေ အပြင် ဂျာမဏီ၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ စတဲ့ ဥရောပနိုင်ငံတွေ က မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တွေက ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။