အမေရိကန်အစိုးရကို Huawei ကုမ္ပဏီ တရားစွဲမည်

Huawei ကုမ္ပဏီရဲ့ အလှည့်ကျဥက္ကဋ္ဌ Guo Ping သတင်းစာရှင်းလင်း

တရုတ်နိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Huawei ကုမ္ပဏီရဲ့ လုပ်ငန်းတွေ အပေါ် ကန့်သတ်တဲ့ ဥပဒေတရပ်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်က မနှစ်တုန်းက ချမှတ်ခဲ့တာဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး၊ အမေရိကန် အစိုးရကို တရားစွဲလိုက်ပါတယ်။

အမေရိကန် အမျိုးသားကာကွယ်ရေး အက်ဥပဒေရဲ့ အပိုဒ် ၈၈၉ ဟာ အခြေခံဥပဒေရဲ့ အနှစ်သာရတွေဖြစ်တဲ့ အာဏာခွဲဝေရေးနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြဌာန်းချက်တွေ ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး တရားစွဲခဲ့တာပါ။ ကုမ္ပဏီတခုကို သီးသန့်ရွေးချယ် ပစ်မှတ်ထားပြီး၊ တရားရုံးတင် စစ်ဆေးတာမရှိပဲ အပြစ်ပေးခဲ့တာဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ရာ ရောက်တယ်လို့လည်း တိုင်ကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာပဲ သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ ဥပဒေမှာတော့ အမေရိကန်အစိုးရ အေဂျင်စီတွေနဲ့ ကန်ထရိုက် လုပ်ငန်းတွေ အနေနဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE ကုမ္ပဏီတွေထံကနေ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ဝယ်ယူသုံးစွဲမှုကို တားမြစ်ထားတာပါ။

Huawei ကုမ္ပဏီရဲ့ အလှည့်ကျဥက္ကဋ္ဌ Guo Ping ကတော့ အမေရိကန်ရဲ့ တားမြစ်ချက်ဟာ ဥပဒေနဲ့မညီသလို၊ ကုမ္ပဏီကို သာမက အမေရိကန် ဝယ်ယူစားသုံးသူတွေ အတွက်ပါ ထိခိုက်နစ်နာစေတယ်လို့ Shenzhen မြို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကုမ္ပဏီအပေါ် လုံခြုံရေး စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရကရော လွှတ်တော်အမတ်တွေကပါ အထောက်အထား တစုံတရာ မပြနိုင်ကြောင်းနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ကလွဲလို့ တခြားနည်း မရှိတော့တဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန်၊ သြစတြေးလျနဲ့ နယူးဇီလန် အပါအဝင် နိုင်ငံတချို့ကတော့ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ ယုံကြည်ထားကြပြီး Huawei ကုမ္ပဏီရဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို တားမြစ်ထားသလို၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ စတဲ့ နိုင်ငံတွေကတော့ ဆုံးဖြတ်ချက်ချဖို့ စဉ်းစားနေကြပါတယ်။

Your browser doesn’t support HTML5

အမေရိကန်အစိုးရကို Huawei ကုမ္ပဏီ တရားစွဲမည်