ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖျက်သိမ်းဖို့ HRW တောင်းဆို

Rohingya refugees walk through rice fields after crossing the border from Myanmar into Palang Khali, Bangladesh, October 19, 2017. © 2017 Jorge Silva/Reuters

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လေးလေးနက်နက်စုံစမ်းစစ်ဆေးဖို့ ဆန္ဒမရှိကြောင်း အထင်အရှားတွေ့ရတဲ့အတွက် ဒီကော်မရှင်ကို ဖျက်သိမ်းသင့်ကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့လည်း ဒီကော်မရှင်အပေါ် အယုံအကြည်မရှိသင့်ပဲ မြန်မာနိုင်ငံက အခြေအနေတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကပဲ စစ်ဆေးအရေးယူဖို့ လွဲှပြောင်းသင့်ကြောင်း HRW ရဲ့ ဒီဇင်ဘာလ (၁၉)ရက်နေ့ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်တဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာသံတမန်ဟောင်းနှစ်ဦးပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်က မျှမျှတတ စုံစမ်းစစ်ဆေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က အရင်က မျှော်လင့်ချက်တွေ ရှိခဲ့တာပါ။ ဒါပေမယ့် ကုလသမဂ္ဂက ကျယ်ကျယ်ပြန့်ပြန့်ပြုစုထားတဲ့ အထောက်အထားအချက်အလက်တွေကိုတောင် ဒီကော်မရှင်အနေနဲ့ လက်ခံ စဉ်းစားခြင်းမရှိတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မလိုလားဘူးဆိုတာအထင်အရှားတွေ့မြင်ရတယ်လို့HRW အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

“ကံမကောင်းစွာပဲ ဥက္ကဌဖြစ်တဲ့ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Ms. Manalo အနေနဲ့ပြောသွားတာက သူတို့ကော်မရှင်ဖွဲ့ပြီး လေးလကြာတဲ့အထိ ခိုင်မာတဲ့ အချက်အလက်တွေကို မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒီပြောဆိုချက်ဟာ အဓိပ္ပါယ်လုံးဝမရှိပါဘူး။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာမျက်နှာ (၄၀၀)ပါတဲ့ အစီရင်ခံစာမှာဆိုရင် လူတွေကို ဘယ်လိုညှမ်းပမ်းနှိပ်စက်၊ သတ်ဖြတ်သလဲ၊ အတင်းအဓမ္မပြုကျင့်သလဲ၊ နောက် ရွာတွေကို မီးရှို့တာ၊ အတင်းအကျပ် မောင်းထုတ်တာ စတာတွေကို အထောက်အထားတွေနဲ့ ဖေါ်ပြထားတာပါ။ HRW ဆိုရင်လည်း အစီရင်ခံစာ အတော်များများ ထုတ်ပြန်ခဲ့သလို AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန တွေရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ အစီရင်ခံစာတွေလည်းရှိနေပါတယ်။ အခြားအဖွဲ့အစည်းတွေထုတ်ပြန်တဲ့ ဒါဇင်နဲ့ချီတဲ့ အစီရင်ခံစာတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ကော်မရှင်ဥက္ကဌက သူ့အနေနဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အထောက်အထားမတွေ့ရဘူးလို့ ပြောဆိုတာဟာ ဒီကိစ္စကို အလေးအနက်မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒီတော့ သူဦးဆောင်တဲ့ ကော်မရှင်အနေနဲ့လည်း စွပ်စွဲချက်တွေကို အလေးအနက်ထားမှာ မဟုတ်ပါဘူး။”

ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သံအမတ်ကြီး Rosario Manalo ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ခုနှစ် ဇူလိုင်လမှာ ဖွဲ့စည်းခဲ့ပြီးနောက် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ရခိုင်ပြည်နယ်ကို တခေါက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၂)ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် သူတို့ကော်မရှင်ဘက်က ခိုင်မာတဲ့ အထောက်အထားတွေ အခုချိန်ထိ မတွေ့ရသေးဘူးလို့ Ms. Manalo က သတင်းထောက်တွေကို အခုလို စကားပြန်ကတဆင့် ပြောသွားပါတယ်။

"ကော်မရှင်အနေနဲ့ သက်သေအထောက်အထားတွေ စုစည်းတဲ့အစီအစဉ်ကို ခုနကလည်း ပြောခဲ့ပြီးပြီ။ အဲမှာ အခုထိအောင် စွပ်စွဲချက်တွေက ခိုင်မာတဲ့ အထောက်အထားတွေ မပြနိုင်သေးပါဘူး။ "

အခုလို မြန်မာကော်မရှင်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသေအချာစုံစမ်း စစ်ဆေး လိုစိတ်မရှိတဲ့အတွက် ဒီကော်မရှင်ကနေ တနှစ်ကြာပြုစုမယ့် တွေ့ရှိချက်အစီရင်ခံစာကို လုံခြုံရေးကောင်စီအနေနဲ့ အချိန်ယူစောင့်မနေတော့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွဲှပြောင်းသင့်ကြောင်း Brad Adams ကပြောပါတယ်။

“ဒီကော်မရှင်ရဲ့ စုံစမ်းမှုတွေကို အယုံအကြည်မရှိသင့်သလို၊ သူတို့ရဲ့ အစီရင်ခံစာကိုလည်း စောင့်နေဖို့ မလိုအပ်ကြောင်း လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေ၊ အခြား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ကျနော်တို့ ရှင်းပြနေပါတယ်။”

လက်ရှိ လုံခြုံရေးကောင်စီမှာတော့ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က လုံလောက်တဲ့တိုးတက်ဆောင်ရွက်မှုတွေ မလုပ်ရင် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ စဉ်စားနေပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်က ရေးဆွဲတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာတော့- ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာဖက်က အချိန်ဆွဲမထားဘဲ ပြန်လည်လက်ခံဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်ထားသူတွေကို အရေးယူနိုင်ဖို့ ရည်ရွယ်တဲ့ အချက်တွေပါဝင်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖျက်သိမ်းဖို့ HRW တောင်းဆို