မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ - လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အမျိုးသမီး တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်လို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂျနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၄ ကြိမ်မြောက် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက်ဆိုင်ရာ (CEDAW) ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က အစီရင်ခံစာ တင်သွင်းဖို့ရှိနေချိန် - လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ခွင့် ရရှိစေဖို့ အရေးကြီးကြောင်းကိုလည်း HRW အဖွဲ့က ထောက်ပြခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါ တယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပေမဲ့လည်း၊ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို လက်တွေ့ ခံစားနေကြရတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့် နည်းပါးနေဆဲ ဖြစ်တယ်လို့ Human Rights Wtach အဖွဲ့ကြီးက သတိပေးလိုက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေကိုယ်တိုင် အပြည့်အ၀ ပါဝင်ခွင့် မရှိသေးသလို၊ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ခံရတာတွေကို ဖော်ထုတ်ဖို့ ကြိုးစားမှုတွေမှာလည်း အဟန့်အတားတွေ ကြုံနေရဆဲပဲလို့ ထောက်ပြခဲ့တာပါ။ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။
“အမျိုးသမီးတွေ အခွင့်အရေးအတွက် ကြိုးပမ်းတဲ့ အမျိုးသားတွေ ရှိတယ်ဆိုရင်တောင်၊ အမျိုးသမီးတွေနဲ့တော့ တူနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အသံတွေကို ကြားနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေ တပုံကြီး လုပ်နေပေမဲ့ အမျိုးသမီးတွေက ဘေးဖယ်ခံထားရပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ အမြင်တွေကို မကြားရဘဲ ဖြစ်နေတာပါ။ အရင်တပတ်ထဲမှာတုန်းကပဲ တအာင်းအမျိုးသမီး အဖွဲ့က သူတို့ရဲ့ အစီရင်ခံစာ ထုတ်ပြန်မယ့် အခမ်းအနား အစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။ အခန်းအနားမှာ ပြောမယ့်ကိစ္စက ထိလွယ်ရှလွယ် ဖြစ်လွန်းတယ် ဆိုပြီး၊ အာဏာပိုင်တွေက တားမြစ်ခဲ့တာပါ။ နှိပ်စက်ညှင်းပမ်းဖို့ လေ့ကျင့်ပေးထားတယ်လို့ အမည်ပေးထားပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အပါအဝင် အမျိုးသမီးတွေအပေါ် စစ်တပ်က အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ဖော်ပြထားတဲ့ အစီရင်ခံစာကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ချင်လိမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။ ဖြန့်ဝေမယ့် အစီရင်ခံစာတွေကို တားမြစ်တာ သိမ်းဆည်းတာတွေဟာ အရင်ကလိုပဲ စစ်တပ်တို့ ရဲတို့လို၊ ဖုံးကွယ်ချင်သေးတဲ့ လူတွေရဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း နောင်မှာဒါမျိုး ထပ်မဖြစ်အောင် အစိုးရသစ်က ဆောင်ရွက်ဖို့လည်း လိုပါတယ်။”
၂၀၁၁ ခုနှစ်ကစလို့ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစောင်ကို တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ဒီအစီရင်ခံစာပါ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ဘယ်လိုရပ်တန့်ကြမလဲ ဆိုတဲ့အပေါ် - ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ (CEDAW) ကော်မတီနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံချိန် - ရှင်းရှင်းလင်းလင်း ပြောဆို ဆွေးနွေးသင့်တယ်လို့ HRW အဖွဲ့ကြီးက တိုက်တွန်းခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့လို လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဓမ္မပြုကျင့်မှု အပါအဝင်၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အများအပြားရှိနေပေမဲ့ မြန်မာစစ်တပ်ကတော့ အမြဲလိုလို ငြင်းဆန်နေပေမဲ့၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေက နှစ်တော်တော်ကြာကြာကတည်းက ထောက်ပြပြောဆိုနေကြတာပါ။ ဒါကြောင့်လည်း အခုအခါ အစိုးရသစ် တက်လာတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်တွေ ရှိတယ်ဆိုတာကို ပထမဆုံး အနေနဲ့ ဝန်ခံတာမျိုး တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်းနဲ့ ဒါမှသာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မကျုးလွန်နိုင်မယ့် အခြေခံလုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က တိုက်တွန်းခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ အစိုးရက ကတိပြုထားပေမဲ့ အစိုးရက ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာမှာ အမျိုးသမီး မပါဝင်တာကို HRW အဖွဲ့က ထောက်ပြခဲ့သလို၊ ဂျနီဗာက CEDAW ညီလာခံကို တက်ရောက်နေတဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ယက် ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူ ကလည်း ထောက်ပြခဲ့တာပါ။
“ဒီအစိုးရသစ်တက်ပြီး မကြာပါဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလုပ်တယ်လေ။ အဲတော့ အဲဒီပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အနည်းဆုံး ၃၀% ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ အချက်ကို သဘောတူခဲ့ကြတယ်။ ဒါပေမဲ့လည်း အခုထိတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းတဲ့ ကေ်ာမတီတွေမှာ အမျိုးသမီး ပါဝင်မှုဟာ တော်တော့်ကို နည်းတယ်။ အဲတော့ တကယ်တမ်း ဖြစ်နေတဲ့ အခက်အခဲက စစ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ အမျိုးသမီးတွေနဲ့ တိုက်ရိုက် မပတ်သက်ဘူး။ ဒါကြောင့် အမျိုးသမီးတွေ ပါဝင်စရာ မလိုဘူးဆိုတဲ့ ယူဆချက်ပေါ်မှာ အခြေခံတဲ့အတွက်ကြောင့် အခက်အခဲ ဖြစ်နေတာပါ။ တကယ်တမ်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် ကျရောက် တဲ့ မလုံခြုံမှုနဲ့ အကြမ်းဖက်မှု အန္တရာယ်ဟာ အရမ်းကို ကြီးပြီးတော့ အဲဒါတွေဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မဖြစ်မနေ ထည့်သွင်း ဆွေးနွေးသင့်တဲ့ အချက် ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေ ပါဝင်ခွင့်ဟာ တကယ့်ကို အရေးကြီးပါတယ်။”
တနင်္လာနေ့မှာတုန်းကတော့ ဂျနီဗာမှာ ကျင်းပခဲ့တဲ့ CEDAW ညီလာခံအတွင်း - မြန်မာအမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းတွေကနေ - မြန်မာနိုင်ငံမှာ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကအစ နိုင်ငံရေးမှာ ပါဝင်ခွင့်အဆုံး အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြ တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေပြု လွှတ်တော်တွေမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုဟာ ၁၃%သာ ရှိပြီး၊ ပြည်ထောင်စုအဆင့် ခေါင်းဆောင်မှုမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁ ဦးတည်းသာ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ်တွေ ထဲမှာလည်း အမျိုးသမီး ၂ ဦး သာပါဝင်ပြီး၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးပိုင်းမှာတော့ အမျိုးသမီးတွေဟာ ဝ.၂ ရာခိုင်နှုန်းနဲ့ မဆိုသလောက်သာ ပါဝင်ခွင့် ရထားတာလည်း ဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5