(Zawgyi / Unicode)
မြန်မာနိုင်ငံထဲ စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေတွေ ပြည်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေဟာ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ရဲ့နှစ်စဉ်ထုတ်ပြန်နေကြ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အခုလိုနယူးယောက်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်းက စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထောက်ပြမှုတွေကို အရပ်သားအစိုးရအနေနဲ့ အလေးအနက်ထား ပြန်သုံးသပ်သင့်တယ်လို့လည်း မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူက ထောက်ပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအတွေအကြောင်း ဒီကနေ့ထုတ်ပြန်လိုက်တဲ့ “World Report 2020” ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ၂၀၂၀ ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံထဲက စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ၊ လူမျိုးတုန်း သတ်ဖြတ်နိုင်တဲ့ စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာခြောက်သိန်းကျော်ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ချိုးဖောက်ခံနေရတဲ့ အနေအထားတွေကြောင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားမှာရှိနေတုန်းပဲလို့ ထုတ်ပြန်လိုက်တာပါ။
အခုလို အမေရိကန်ပြည်ထောင်စုအခြေစိုက် (HRW) Human Rights Watch အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံတွင်းက စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အနေအထားတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ၂၀၂၀ လူ့အခွင့်အရေးထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံတွင်း လက်ရှိမြေပြင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ လက်တွေ့ထင်ဟပ်မှုရှိပါတယ်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ထောက်ခံပြောဆိုလိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအတွင်း အထူးသဖြင့် စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေဟာ အတော်လေးကို ဆိုးဝါးလာနေတဲ့ အနေအထား ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။
“လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသအတွင်းမှာ အရပ်သားပြည်သူတွေအပေါ်မှာ ထိခိုက်မှုတွေကတော့ ကျနော်တို့ ပိုပြီးတော့ ဆိုးဝါးလာတယ်လို့တောင်ပြောလို့ရပါတယ်။ ဘက်ပေါင်းစုံမှာ ပါဝင်တဲ့အဖွဲ့တွေအားလုံးရဲ့ အရပ်သားအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုက ပိုများလာတယ်။ တိုက်ပွဲတွေကြောင့် သေဆုံးမှုအပြင် မတရားဖမ်းဆီးပြီးတော့ သတ်ဖြတ်ပြီး အခုအချိန်အထိ တရားဥပဒေကို မဖော်ဆောင်တဲ့အမှုတွေက ရခိုင်ပြည်နယ်မှာရော ကချင်ပြည်နယ်မှာရော၊ ရှမ်းပြည်နယ်မှာ ဆက်လက်ရှိနေတုန်းပါပဲ။ ဒါက Human Rights Watch က ပြောထားသလို လက်နက်ကိုင် ပဋိပက္ခတွေ မှာရှိတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အဓိက ပြဿနာတခု ဖြစ်ပါတယ်။ နောက်တခုကတော့ သူတို့ထောက်ပြထားသလိုပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အရင် စစ်အစိုးရ လက်ထက်မှာလည်း ဖိနှိပ်မှုတွေရှိသလို အခုလည်း ဆက်လက်ရှိနေတုန်းပဲ။ တချို့သောဥပဒေတွေက ဘယ်အစိုးရ လက်ထက်ပဲ ဖြစ်ဖြစ် အခုအထိ ဆက်လက်ကျင့်သုံးနေတဲ့အရာမျိုးဖြစ်တယ်။ ဒီဥပဒေကို အလွယ်တကူ ထုတ်သုံးနေတဲ့ ကာလအတွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုက ပိုမိုဆိုးဝါးပါတယ်။ ခုနပြောသလို လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလပတ်လုံး ဒီဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေအတွက် လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး။ အဲဒီနေရာမျိုးမှာ လက်နက်ကိုင် တပ်ဖွဲ့တွေမက၊ ရပ်ရွာလူထုအတွင်းမှာ အချင်းချင်း မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေက အရှိန်မသေသေးတဲ့အတွက် ကျန်ခဲ့သူတွေမှာလည်း လုံခြုံမှုအပိုင်းအားနည်းတယ်။ ရပ်ရွာအတွင်း အသားကျအောင်နေထိုင်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ သံသယရှိနေပြီး ပြန်လာချင်တဲ့သူတွေ ရှိသည့်တိုင်အောင် ပြန်လာဖို့အတွက် အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါက ကျနော်တို့ ကြားရတဲ့ မြေပြင် သတင်းတွေပါပဲ။”
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို ထုတ်ပြန်ချက်တွေ သတင်းမှတ်တမ်းတွေနဲ့ HRW လို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တကြီးထောက်ပြဝေဖန်ပြောဆိုနေတဲ့အပေါ် ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ NLD အရပ်သားအစိုးရအနေနဲ့ အလေးအနက်ထားပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သင့်တာတွေကို အရေးတကြီး လုပ်ဆောင်သင့်တယ်လို့လည်း ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။
“နိုင်ငံတကာက ဒီ Report တွေ အစီရင်ခံစာတွေ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ချက်တွေ တဖြေးဖြေးတိုးတက်လာတာ ဒါကျနော် ငြင်းလို့မရဘူး။ ဒါပေမယ့် အစိုးရတရပ်က ဒါကိုဘယ်လောက်အထိ လက်ခံသလဲဆိုရင် ကျနော်တို့နိုင်ငံ အစိုးရအနေနဲ့ကတော့ ဒီလိုထောက်ပြချက်တွေကို ငါတို့ပြည်တွင်းမှာလည်း အရေးယူလုပ်ဆောင်ပါတယ် ဆိုတဲ့ပုံစံနဲ့ ချဉ်းကပ်ဖြေရှင်းတာ တွေ့ရတဲ့အတွက် ကျနော်တို့အစိုးရရဲ့ နိုင်ငံတကာရဲ့ ထောက်ပြချက်အပေါ်မှာ ပူးပေါင်းဆောင်ရွက် တဲ့အပိုင်းကတော့ လက်ရှိအခြေအနေအထိ အားနည်းနေသေးတာ တွေ့ရပါတယ်။
HRW ထောက်ပြသလိုပဲ စစ်ဖြစ်နေတဲ့တိုင်းရင်းဒေသတွေထဲ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေဟာ ရခိုင်ပြည်နယ်ထဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာလူနည်းစုတွေအတွက် အသက်ဘေးစိုးရိမ်စရာအခြေအနေအပြင် ရခိုင်ဒေသခံတွေ အားလုံးအတွက်ပါ အန္တရာယ် အလွန်များနေတဲ့ အနေအထားဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်နေရဆဲ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအတွက်ပါ မရေမရာဖြစ် နေတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပါတယ်။
“ အခု ရခိုင်ပြည်နယ်မှာဆိုရင် တော်တော်လေး ဆိုးဆိုးဝါးဝါးနဲ့ သူတို့ ခံစားနေရတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေက နေ့စဉ်နဲ့အမျှ လူနည်းစုအဖြစ် အနိုင်ကျင့်ခံနေရတာကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ အဲဒါအတွက်ကြောင့် HRW ဘက်က နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ လုပ်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ နောက်မြန်မာအစိုးရကိုလည်း ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူမျိုးတွေအားလုံးအတွက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း ကျနော်တို့ တောင်းဆိုချင်ပါတယ်။”
ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေး စနစ်တကျ စီစဉ်နေပါတယ်လို့ တစိုက်မတ်မတ်ပြောဆိုနေတာပါ။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ်ထားတဲ့ ဒီအစီရင်ခံစာထဲမှာတော့ ရှမ်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေးလေးနက်နက်စုံစမ်းဖို့ နိုင်ငံတကာရဲ့တောင်းဆိုမှုကို မြန်မာအစိုးရက ဆက်ပြီး ငြင်းဆန်နေပြီး ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို လူ့အခွင့်အရေးလေ့လာသူတွေ၊ သတင်းထောက်တွေသွားခွင့် မရတာနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေကို အရေးကြီးတဲ့ ထောက်ပံ့ကူညီမှုတွေ သွားရောက်ပေးခွင့် မပြုဘူးတဲ့ အခြေအနေဖြစ်နေတယ်ဆိုတာကိုHuman Rights Watch လူ့အခွင့်အရေးအဖွဲ့ က ၂၀၂၀ အစီရင်ခံစာထဲ ထုတ်ပြန်လိုက်ပါတယ်။
Your browser doesn’t support HTML5
..............
(Unicode)