အရေးယူမှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေ သက်တမ်းကုန်တော့မယ့်အချိန်မှာ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ပြီး သက်တမ်းတိုးဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နှစ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရသစ်တက်လာပေမဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒီအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

ဝါရှင်တန်အခြေစိုက် United to End Genocide အဖွဲ့နဲ့ ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး၊ ကိုယ်တွေ့ ကြုံခဲ့ရသူတွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းချက်တွေကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို အိုဘားမားအစိုးရဆီ ပေးပို့ထားပြီး၊ သမ္မတအနေနဲ့ အခုလကုန်မှာ မြန်မာနိုင်ငံအပေါ် လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ Fortify Rights အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။

“ရှင်းအောင် ပြောရမယ်ဆိုရင် ဒါဟာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ထပ်လုပ်ဖို့အတွက် တွန်းအားပေးတာ မဟုတ်ပါဘူး။ ချထားပြီးသား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုးဖို့ တိုက်တွန်းထားတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ သိထားသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ SDN စာရင်းပြုစုထားပြီး၊ ဒီလူတွေကို အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုခွင့် နဲ့ အမေရိကန် လုပ်ငန်းတွေနဲ့အတူ စီးပွားရေး လုပ်ခွင့်တွေ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်လုပ်ငန်းတွေကို မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်စိမ်းကို ရောင်းဝယ်ခွင့်မပြုဖို့နဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး သတင်းပို့ဖို့ လိုအပ်ချက်လည်း ထားရှိပါတယ်။ ဒါ့အပြင် အမေရိကန် လုပ်ငန်းတွေကို မြန်မာ စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ကိုလည်း ကန့်သတ်ထားပါတယ်။ အခုအချိန်မှာ ဒီကန့်သတ်ချက်တွေကို ဆက်ပြီးထားဖို့ တိုက်တွန်းတာ ဖြစ်သင့်တယ်လို့ ကျနော်တို့ထင်ပါတယ်။”

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ဖိနှိပ်ထားတဲ့ ဥပဒေနဲ့ မူဝါဒ အားလုံးကို ရပ်တန့်ဖို့ တောင်းဆိုထားပြီး၊ ဒီအထဲမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေလည်း ပါဝင်တဲ့အကြောင်း အတိအလင်း ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခု ဆက်ထားဖို့ တိုက်တွန်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဘယ်လို ဆက်စပ်မှုရှိသလဲဆိုတဲ့ မေးခွန်းကိုလည်း သူက အခုလို ဖြေကြားခဲ့ပါတယ်။

“ကချင်၊ ရှမ်းနဲ့ အခြား တိုင်းရင်းသားတွေဟာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံနေရတဲ့အတွက် မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်ထားဖို့ လိုတာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်းထွက်တဲ့ ဒေသတွေကို ထိန်းချုပ်ခွင့်ရဖို့အတွက် ရည်ရွယ်ပြီး၊ ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် ကျောက်စိမ်းရောင်းဝယ်မှု မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေး မလုပ်ဖို့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွက် ပြောရမယ်ဆိုရင်တော့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတာ လုံခြုံရေး တပ်ဖွဲ့တွေပါ။”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတွေ ဆက်ထားတာဟာ ထိရောက်မှုမရှိတဲ့အပြင်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်တယ်လို့ ဝေဖန်တာနဲ့ပတ်သက်ပြီးတော့လည်း Matthew Smith က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ တိုက်တွန်းနေတာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့နဲ့ ကုန်သွယ်ရေး မလုပ်ဖို့ အတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေမယ့် ဘယ်လို အရေးယူ ပိတ်ဆို့မှုမျိုးကိုမှ အမေရိကန် အစိုးရကို လုပ်ဖို့ တိုက်တွန်းထားတာ မပါပါဘူး။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေဟာ ဘယ်လောက် ထိရောက်သလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိခိုက်ခဲ့တယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ အခု လက်ရှိ ဆက်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူဌေးတွေ၊ စစ်ဘုရင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်သူတွေကို ပစ်မှတ်ထား တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ရှေ့ဆက်လို့ မရအောင် တားဆီးနှောင့်ယှက်နေတာ ဘယ်သူတွေလဲဆိုတာ တိတိကျကျ သိခွင့်ရမယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မှာပါ။”

အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၇ခုနှစ်ကစပြီး၊ စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သား တစ်ပိုင်း အစိုးရ တက်လာပြီးနောက်ပိုင်း ပိတ်ဆို့အရေးယူမှု အများစုကို လျော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပစ်မှတ်ထား ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။