အချိန်ပိုင်းအစာရှောင်တာကို စတင်စမ်းသပ် လုပ်လိုသူတွေအတွက် နာရီပိုင်းခြား ရှောင်တာက ရက်ပိုင်းခြားရှောင် ပုံစံတွေထက် ပိုသင့်တော်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။
မြန်မာနိုင်ငံသားတွေ အများဆုံးနားလည်ထားတဲ့ ညစာမစားဘဲ နာရီခြားရှောင်တာမျိုးက တစ်ရက်ခြား (သို့မဟုတ်) တစ်ပတ် နှစ်ရက် ရှောင်တာထက် ပိုသင့်တော်ပါတယ်။ အကြောင်းက နာရီနဲ့ချီ အချိန်တိုမျိုး နေ့စဉ် ပုံမှန် ရှောင်သွားတာက၊ ရက်နဲ့ချီ အချိန်ပိုကြာကြာ စားလိုက်ရှောင်လိုက် လုပ်တာထက် ဘေးထွက် ဆိုးကျိုးနည်းပြီး လုပ်ရတာ ပိုလွယ်နိုင်လို့ပါ။ တချို့သူတွေအတွက် တစ်ရက်လုံး အစာရှောင်တာကြောင့် အာဟာရ ပြတ်သလိုဖြစ်ပြီး၊ မူးမေ့လဲတာမျိုး ဖြစ်တတ်တာအပြင်၊ တစ်ပတ်မှာ ၅ ရက် ကြိုက်သလိုစားပြီးမှ၊ ၂ ရက်လောက် ရုတ်တရက် ပြန်ရှောင်တာကလည်း စတင်လေ့ကျင့်ရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် နေ့စဉ် မနက်စာ နေ့လည်စာစားပြီး၊ ညစာရှောင်တာက အများစုအတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ တစ်ညလုံး အလုပ်လုပ်ရသူတွေ အတွက်တော့ ညပိုင်း အလုပ်မလုပ်ခင် စားပြီး၊ အနားယူဖို့ နေ့ပိုင်းပြန်မအိပ်ခင် အစာရှောင်တာမျိုးက ပိုသင့်တော်နိုင်ပါတယ်။
အခုလို အချိန်ပိုင်း အစာရှောင်တာမှာလည်း ဆောင်ရန်ရှောင်ရန်တွေ ရှိပါတယ်။ ရှောင်ရန်က အစာရှောင်ချိန် မစခင်နဲ့ အပြီးမှာ လူ့သဘာဝ တနင့်တပိုးစားတာမျိုး မလုပ်သင့်ပါဘူး။ အဆီနဲ့ ကယ်လိုရီများတာအပါအဝင် အချိန်တိုတိုအတွင်း အများကြီးစားလိုက်တာကို ချေဖျက်ရတာက ကျန်းမာရေးနဲ့ မညီတာအပြင်၊ ကောင်းကျိုးရဖို့ မထိရောက်နိုင်တော့လို့ပါ။ ဆောင်ရန်ကတာ့ ဗိုက်ဝအောင်စားဖို့ ကယ်လိုရီနည်းပြီး အာဟာရများတဲ့ အသီးအရွက်တွေကို ရွေးချယ်စာသုံးဖို့ပါ။ အထူးသဖြင့် အသင့်စားသောက်စရာ ပမာဏအနည်းငယ်မှာကိုက ကယ်လိုရီ များလွန်းတာကြောင့် ဗိုက်ဝအောင် အများကြီးစားမိတတ်ပြီး အာဟာရလည်း မဖြစ်ပါဘူး။ အသီးအရွက်မှာက ကယ်လိုရီ အနည်းငယ်သာပါတာမို့ အများကြီး ဝအောင် စားလို့ရပါတယ်။ ဗိုက်လည်းပြည့်ပြီး ရေဓာတ်လည်းမခမ်းအောင် ရေကိုတော့ အများကြီး အဆက်မပြတ် သောက်ပေးသင့်ပါတယ်။
ဒါ့အပြင် အခုလို အစာရှောင်တဲ့အခါ ဆောင်ရန်အနေနဲ့ ကိုယ်လက်လှုပ်ရှားတာ၊ စိတ်ချမ်းသာစေနိုင်တာတွေ တွဲလုပ်ပေးသင့်ပါတယ်။ အကြောင်းက အစာရှောင်တာကြောင့် ဗိုက်ဆာတာကို အောင့်ထားရသလို ဖြစ်တတ်ပြီး စိတ်ပိုင်းကိုယ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ (လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ စတဲ့ မိမိနဲ့သင့်တော်တာ)၊ Yoga လုပ်တာ (စိတ်ငြိမ်အကြောအဆစ် လေ့ကျင့်ခန်း)၊ တရားထိုင်တာ (ဝင်သက်ထွက်သက် အသက်ရှုလေ့ကျင့်တာ)၊ ပန်းခြံ စိုက်ပျိုးရှင်းလင်းတာ စတာတွေ စိတ်ဝင်စားသလို လုပ်ပေးခြင်းဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး၊ ကျန်းမာရေးကောင်းကျိုးတွေ ပိုရနိုင်တာကို တွေ့ရှိထားပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5