မကြာသေးမီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တယောက်လည်း ခန့်အပ်ခဲ့ပါတယ်။ အရင်အတွေ့အကြုံတွေအရ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုက အားတက်စရာ သိပ်မရှိခဲ့ပေမဲ့ ပြောင်းလဲလာတဲ့ မြေပြင်အခြေအနေတွေအရ အခုတကြိမ် ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ လက်တလောမှာ ကုလသမဂ္ဂက မြန်မာ့အရေးကို ပိုပြီးတော့ အာရုံစိုက်လာပါတယ်။ အဲ့ဒါ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ မြန်မာ့ပြဿနာ ပိုမိုဆိုးရွားလာလို့ ဖြစ်ပါတယ်။ မြန်မာပြဿနာဟာ ဒေသတွင်း လုံခြုံရေးအတွက်တောင်မှ ထိခိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာထွက်ပြေးရတဲ့သူတွေ စစ်တပ်က လက်နက်ချပြီးတော့ စစ်ရှောင်ပြီးတော့ ထွက်ပြေးကြတဲ့သူတွေ၊ အဲ့ဒီကိစ္စတွေ ပြန်ပြီးတော့ လုပ်လာရတယ်ဆိုတော့ ဒါဒေသလုံခြုံရေးအတွက် ထိခိုက်လာတယ်။ အဲဒါအပြင် Global Impact နိုင်ငံတကာကိုပါ ရိုက်ခတ်လာနိုင်တဲ့ အခြေအနေ ရှိပါတယ်။ မြန်မာနိုင်ငံကအခြေအနေ ဒီ့ထက်ပိုပြီးတော့ ပြိုကွဲလာရင် ယိုယွင်းပျက်စီးသွားရင် နိုင်ငံတကာ ဝင်စွက်မှု့တွေကအစ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်။ ဒါကြောင့် သူတို့ ဒီဟာကို ဆွေးနွေးရမယ်လို့ လုပ်တာလို့ ယူဆရပါတယ်။ နိုင်ငံတကာကတောင်မှ လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး။ ထိုင်းနိုင်ငံဘက်မှာ ပိတ်မိနေတဲ့ မြန်မာစစ်တပ်က အရာရှိတွေ၊ စစ်သားတွေ မြောက်မြားစွာရှိနေတော့ ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ မဲဆောက်လေဆိပ်ဘက်ကနေ သွားပြီးတော့ လေယာဥ်နဲ့ ခေါ်နေရတဲ့ကိစ္စတွေ ရှိနေတယ်ဆိုတော့ ဒါမျိူးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကို အလေးအနက်ထားလာတယ်လို့ ယူဆရပါတယ်။
မေး ။ ။ အဲဒီတော့ ယခု ဧပြီ ပထမအပတ်ထဲမှာပဲ လုံခြုံရေးကောင်စီက တံခါးဖွင့်ဆွေးနွေးပွဲကနေ တစုံတရာအားတက်စရာ ရှိပါသလား။
ဖြေ ။ ။ သတင်းကြားတာကတော့ သိပ်အားတက်ကြပါတယ်။ ဒါကြုံတောင့်ကြုံခဲ တံခါးဖွင့်ပြီးတော့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီလိုနေရာမှာ ဆွေးနွေးတယ်ဆိုတော့။ အဲဒီတချိန်ထဲမှာပဲ ဧပြီ ၄ ရက်နေ့တုန်းကပဲ လူ့အခွင့်အရေးကောင်စီက ဆွေးနွေးခဲ့တယ်။ အဲဒီမှာ ဆွေးနွေးတာကို အရင်ပြောရရင် အဓိကကတော့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာဟာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာစစ်တပ်ကို Jet Fuel ဂျက်လေယာဥ်အတွက် လောင်စာမပေးဖို့ဆိုပြီး သူကတိုက်တွန်းပြီးတော့ တရုတ်ကတော့ သဘောမတူဘူး။ အဲ့ဒါကို လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂကို အကြံပြုတယ်။ ကုလသမဂ္ဂက ဆွေးနွေးတော့လည်း အဓိက ဒီကိစ္စကိုလည်း ဆွေးနွေးမယ် ထင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေးဟာ သူတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် Resolution 2669 ဆိုတာ ၂၆၆၉ အဲ့ဒီဟာအရ ဆွေးနွေးတယ်။ အဲ့ဒီဟာကို အသက်သွင်းဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။
အဲဒီ Resolution 2669 မှာ အဓိကဆုံးဖြတ် ပြဌာန်းထားတာတွေကတော့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်လိုက်ပါ။ နောက်ပြီး အာဆီယံရဲ့ မူ (၅) ချက်ကို မြန်မာက လိုက်နာအောင်လုပ်ပါ။ အဲ့ဒါလုပ်ဖို့အတွက် သူတို့ တိုက်တွန်းမယ်။ အာဆီယံကိုလည်း သူတို့ထပ်ပြီးကူညီမယ်။ ပံ့ပိုးပေးမယ်ဆိုတဲ့ သဘော။ နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို အားလုံးလွှတ်ပေးကြပါဆိုပြီး တောင်းဆိုပါတယ်။ နောက်ပြီး စာနာမှုကိုလည်း အဓိကထားပြီး လုပ်ပါ။ နောက်ပြီးတော့ အဓိကပြဿနာကတော့ Root Cause မြန်မာနိုင်ငံရဲ့ ပြဿနာရဲ့ အခြေခံအကြောင်းတရားကို ဖြေရှင်းနိုင်ဖို့က သိပ်အရေးကြီးတယ်ဆိုပြီး။ အဲဒါကို အလေးနက်ထားပြီး ပြောပြီးတော့ ပြဌာန်းဆုံးဖြတ်ခဲ့တာ ဖြစ်တယ်ဆိုတော့၊ အခုလုံခြုံရေးကောင်စီ အစည်းအဝေးကလည်း သူတို့ ဒါကိုပဲ ထပ်ပြီးတော့ ခိုင်မာလာဖို့ ပြောကြတာ ဖြစ်ပါတယ်။ အထွေအထူး ပိုမိုအားတက်စရာကတော့ ရှိသလားဆိုရင် ကျနော် မပြောဘဲနဲ့ အဲ့ဒီအစည်းအဝေးကိုတက်တဲ့ ဂျပန်သံအမတ်ကြီး ပြောတဲ့ စကားပါ -- ဒီလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးမှာ မြန်မာပြည်သူတွေ တကယ်လိုချင်တဲ့ အချက်အလက် တချက်မှ မပါဘူးဆိုပြီးတော့ သူကတော့ ဝေဖန်တာကို တွေ့ရပါတယ်။ ဆိုတော့ ဒီအတိုင်းပဲ ပြောရမှာပါ။
မေး ။ ။ အခြေအနေတွေက ပြေလည်ဖို့ဆိုတာထက် ပိုပိုပြီးတော့ ဆိုးနေပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာရဲ့ သဘောထားကကော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ နိုင်ငံတကာဆိုတာ ကုလသမဂ္ဂက အဓိကပေါ့။ နိုင်ငံတကာရဲ့စင်မြင့် အရေးကြီးဆုံးစင်မြင့် အဲ့ဒီကနေပြီးသဘောထားဆိုတော့ သူကတော့ လုပ်ပြတယ်။ သို့သော်လည်းပဲ ကမ္ဘာ့နိုင်ငံတကာတခွင်လုံးကို ကြည့်မယ်ဆိုရင် နိုင်ငံတကာအခင်းအကျင်းက မြန်မာထက်အရေးကြီးတဲ့ကိစ္စတွေ ယူကရိန်း စစ်ပွဲတို့ အခု ယူကရိန်းစစ်ပွဲထက်တောင်မှ ဂါဇာအရေးက ပိုအရေးကြီးနေတယ်။ ဆေးရုံကလူတွေကို ပစ်တာ၊ စားနပ်ရိက္ခာ ဝင်ခွင့်မရတာ အစားစား အပြင်းအထန် ဒါက ပြဿနာဖြစ်နေပြီး ခေါင်းခဲနေကြရတာ ဖြစ်တယ်။ ယူကရိန်းကိုတောင်မှ ပိုက်ဆံပေးရမှာ နည်းနည်းလက်တွန့်လာကြတယ်။ အဲ့ဒါမျိုးတွေ တွေ့ရတယ်။ ဆိုတော့ မြန်မာနိုင်ငံဟာ အဲ့ဒီပြဿနာမျိုးတွေ အောက်မှာပဲ ရှိနေတယ်လို့ ယူဆရမှာပါ။ အထူးသဖြင့် ဥရောပနိုင်ငံတွေ အနောက်ဥရောပနိုင်ငံတွေမှာဆိုရင် ဗြိတိန်ကတော့ မြန်မာနိုင်ငံကို သမိုင်းအရ သူ့မှာ တာဝန်ရှိခဲ့တယ်။ သူ့ရဲ့ Colony ကြောင့် ဖြစ်ခဲ့တယ်ဆိုပြီးတော့ အဲ့ဒီစိတ်ဓာတ်နဲ့ သူတို့က ဦးဆောင်ပြီး ပြောတာတွေ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ အနောက်ဥရောပက အဲ့ဒီလောက် မတက်ကြွသလို၊ အရှေ့ဥရောပမှာလည်းပဲ အဓိကဖြစ်နေတဲ့ ရုရှားကတော့ စစ်ကောင်စီဘက်က လုံးဝပါဝင်နေတယ်ဆိုတော့ သူတို့ကတော့ သိပ်ပြီးတော့ အလေးအနက် မထားသလိုဘဲလို့ ပြောရမှာပေါ့။ အလေးနက်ထားတယ်ဆိုလည်း ခပ်ပေါ့ပေါ့သာ ဖြစ်တယ်။ ကျန်တဲ့ နိုင်ငံတကာအရေးတွေလောက် တန်းတူဦးစားပေးခြင်း မခံရဘူးလို့ ပြောရမှာပါ။
မေး ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက လက်တလောမှာတင် အိုးအိမ်းစွန့်ပြီးတော့ ထွက်ပြေးနေရတဲ့သူတွေ ဒုက္ခသည်တွေက ၂ သန်း ၈ သိန်းကျော် ရှိနေပြီဆိုပြီးတော့ UN OHCHR က ဟိုတပတ်ကပဲ စာရင်း ဖော်ပြပါတယ်။ အဲ့ဒီတော့ ဒီ လူသားချင်းစာနာမှု့ ပြဿနာတွေမှာရော ဘယ်လို အားတက်စရာ ရှိပါမလဲ။
ဖြေ ။ ။ အဲဒါကတော့ ပိုပေးဖို့ သူတို့ အတတ်နိုင်ဆုံး ထပ်ပြီးတော့ ညှိနှိုင်းကြမှာပေါ့လေ။ ကုလသမဂ္ဂအနေနဲ့ ဒါကိုပိုပြီးတော့ အလေးအနက်ထားပြီးတော့ လောလောဆယ်မှာ ဒါက အရေးကြီးဆုံးပေါ့။ လူတွေ ငတ်ပြတ်နေတာ၊ ဒုက္ခရောက်နေတာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာ။ ဒါကိုတော့ ဦးစားပေးပြီး လုပ်ကြမှာပါ။ ဒါပေမဲ့ ဒီလိုလုပ်တဲ့ နေရာမှာလည်း စာနာမှု အကူအညီတွေဟာ အမှန်တကယ် လိုအပ်တဲ့ သူတွေဆီကို ရောက်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းဖို့ လိုပါတယ်။ ဟိုဘက်လမ်းက သွားတာကို စစ်ကောင်စီက ပိတ်ဆို့ထားတာတို့ဘာတို့ သူတို့လည်းတဘက်ထဲ လုပ်လို့မရဘူး။ ထိုင်းကပေးနေတာဘဲ ကန့်ကွက်တဲ့ဟာတွေ၊ ဝေဖန်သံတွေ ထွက်လာနေပြီ။ တကယ်လိုအပ်တဲ့သူတွေ ဆီ မရောက်ဘူးဆိုတာ အဲ့လိုပုံစံမျိုးတွေ ဖြစ်နေမှာပါ။ စာနာမှုအကူအညီနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ရှိတယ်။ Humanitarian Intervention ဆိုတာ စစ်ရေးအရ ဝင်တိုက်ပြီးတော့ အတင်းတားပြီးတော့ ဒုက္ခသည်တွေကို ပေးတာ။ ဘာမှ လက်တွေ့ မဖြစ်လာနိုင်ပါဘူး။ လုံခြုံရေးကောင်စီမှာ ဗီတို သုံးတဲ့နိုင်ငံတွေနဲ့ သဘောမတူတာတွေ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီလိုသာ ဖြစ်ရတာဆိုတော့ သိပ်ပြီးတော့ အားထားရတဲ့ကိစ္စ မဟုတ်ပါဘူး။ အမြန်ဆုံး ပြေလည်အောင် လုပ်နိုင်ပါစေ။ ဒုက္ခသည်တွေလက်ထဲကို တကယ်ရောက်ပါစေဆိုတာကတော့ မျှော်လင့်ရပါတယ်။ ဒုက္ခသည်တွေ ပြေးစရာမလိုတဲ့ အခြေအနေမျိုး ရောက်သွားရင်တော့ အကောင်းဆုံးပေါ့လေ။ အခုကတော့ ဒီဟာပဲ ရှိနေအုန်းမယ်လို့ ထင်ရပါတယ်။
မေး ။ ။ နောက်တခုက ဧပြီလ ၅ ရက်နေ့တုန်းက သြဇီက နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop သူ့ကို ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဆိုပြီးတော့ ခန့်အပ်လိုက်ပါတယ်။ အဲ့ဒီတော့ သူကရော ရှေ့က Noeleen Heyzer ထက် ပိုပြီးတော့ ဘာတွေ လုပ်ပေးလာနိုင်ပါလဲ။
ဖြေ ။ ။ သိပ်ပြီးတော့ - တကယ်တော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ဟာ ၂၀၁၈ တုန်းက ၂၀၁၇ မှာ ရခိုင်ပြည်နယ်ဘက်က ဟိုဘက်ကို ထွက်ပြေးကြတဲ့ကိစ္စတွေ ပြဿနာဖြစ်ခဲ့ကြတုန်းက Christine Schraner-Burgene ခန့်ခဲ့ဖူးပါတယ်။ အဲ့ကိစ္စတွေ ညှိနှိုင်းဖို့အတွက် နောက်စစ်ကောင်စီက အာဏာ သိမ်းပြီးတဲ့အခါမှာ Noeleen Heyzer ကို ခန့်တယ်။ အဲ့ဒီအခြေအနေထက် အခုအခြေအနေက ပိုပြီးတော့ ဆိုးရွားလာတယ်ဆိုတော့ Timing ကို ကြည့်မယ်ဆိုရင် ကြားဝင်စေ့စပ်ဖို့သွားတဲ့လူဟာ Timing ဟာသိပ်အရေးကြီးပါတယ်။ လောလောဆယ်အခြေအနေကို ယှဥ်မယ်ဆိုရင်တော့ စစ်ကောင်စီဟာ ၁၀၂၇ ညီနောင် ၃ ပွဲ ထိုးစစ်ပြီးတော့ သူတို့ အရှုံးမလှ အထိနာပြီးတော့ သိပ်ကိုကျဆုံးနေတော့၊ ဝင်ရောက်စေ့စပ်ဖို့ အကောင်းဆုံး Timing လို့တော့ ပြောလို့ရပါတယ်။ နောက်လူပုဂ္ဂိုလ်ချင်း ယှဥ်မယ်ဆိုရင်လည်းပဲ နော်လေးဟေဇာကလည်း အတွေ့အကြုံ ရှိတယ်။ စင်ကာပူက တက္ကသိုလ်တခုမှာ Trustee အဖြစ်ပါဝင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူလည်း ပညာရှင်ပါပဲ။ နောက်ပြီးတော့ သူဟာ အရှေ့တီမော ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ကုလသမဂ္ဂက တာဝန်ပေးချက်အရ လုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါပေမယ့် အခု ဂျူလီဘစ်ရှော့က သူက နိုင်ငံခြားရေးဝန်ကြီဟောင်းဆိုတော့ သူ့ရဲ့ Diplomatic status က ပိုပြီးမြင့်တယ်။ အတွေ့အကြုံက ပိုများတယ်။ ကမ္ဘာမှာ ကိုယ်စားပြုပြီးတော့ နိုင်ငံအများကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်ဆိုတော့ သူ လူပုဂ္ဂိုလ်ချင်း ယှဥ်ရင်တော့ သူက ပိုပြီးတော့ အဆင့်မြင့်မယ် ထင်ပါတယ်။ ဒါပေမဲ့ အဓိက လုပ်ရမယ့်ဟာကတော့ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် အထောက်အထားတွေ အခိုင်အမာနဲ့ သူက ကုလသမဂ္ဂကို ပြန်လည်တင်ပြရမယ်။ သူက အဲ့ဒါမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သံတမန် နည်းနဲ့ ချင်းကပ်ဖို့လည်းပဲ ရှိအုန်းမယ်။ မြန်မာပြည်နဲ့ အာရှတိုက်မှာ Open diplomacy က သိပ်ပြီးတော့ မထိရောက်ဘူး။ Secret diplomacy နဲ့သွားတာ ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာ အာဆီယံပဲကြည့် အာဆီယံက ပွင့်ပွင့်လင်းလင်း ဘာလုပ်မယ် ညာလုပ်မယ် ပြောခဲ့တာကို သူတို့ တိတ်တိတ်လွှတ်ပြီးတော့ ပြောတဲ့ကိစ္စတွေမှာ နည်းနည်းပါးပါး ပြောလို့ဆိုလို့ ရတာတွေ ရှိတယ်ဆိုတော့ သူတို့ ဘယ်ပုံစံနဲ့ ချဥ်းကပ်လာမလဲ လူတွေကတော့ အားထားကြပါတယ်။ ဒီအမျိုးသမီးဟာပိုပြီးတော့လည်း သဗာရင့်တယ် အတွေ့အကြုံပိုများတယ်။ နောက်ပြီး သြစတျေးလျနိုင်ငံကလည်း သူတို့နိုင်ငံကိုယ်က လက်တွေ့ကျကျ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်။ အဲ့ဒါကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ အတွက်ကြောင့်လည်း ပိုအဆင့်မြင့်တယ်။ လူပုဂ္ဂိုလ်အားဖြင့်လည်း ပိုအဆင့်မြင့်တယ်။ Timing အားဖြင့်လည်း ဝင်ရောက်စွက်ဖက်ဖို့ ပိုကောင်းတဲ့အချိန်လို့ သတ်မှတ်ကြပါတယ်။
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂကြားမှာ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့အခါမှာလည်း တဘက်သတ် ဖိအားပေးတာမျိုးကို သူတို့ လက်မခံဘူး။ အဲဒါကတော့ အပြုသဘော မဆောင်ဘူး။ ဆိုတော့ သူတို့ လိုချင်တာက အချင်းချင်း နားလည်မှု၊ လေးစားမှု၊ အပြန်အလှန် ထိတွေ့ဆောင်ရွက်မှု့နဲ့သာလျှင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုပြီးတော့ ပြောထားတာ တွေ့ရပါတယ်။ အခု ခန့်အပ်တဲ့ ဂျူလီယာဘစ်ရှော့ကတော့ ဝါရင့်သံတမန်ကြီးဆိုတော့ ညှိနှိုင်းဆောင်ရွက်မှုတွေ အဓိက လုပ်လိမ့်မယ်လို့ပဲ ယူဆရပါတယ်။
မေး ။ ။ ဒါပေမဲ့ အခု ကုလသမဂ္ဂက ဒေသတွင်း အဖွဲ့အစည်းပေါ့ အာဆီယံကို တခါပြန်ညွှန်းလာပါတယ်။ မြန်မာ့အရေး ပြေလည်ဖို့အရွေ့ကို လုပ်ဖို့အတွက်ကို အာဆီယံအနေနဲ့ ဘယ်လို လုပ်ဖို့တွေ ရှိလာပါမလဲ။
ဖြေ ။ ။ အများကြီးပေါ့။ အာဆီယံကမူ (၅) ချက်ကို ကိုင်စွဲထားတာ ဒီမူ (၅) ချက်ကို အဓိကနိုင်ငံတကာကလည်း ပံ့ပိုးနေတယ်။ တချို့က ဝေဖန်ကြတယ်။ ဒီမူ (၅) ချက်နဲ့ မရဘူး။ ထိရောက်တဲ့နည်းနဲ့ ပြောရမယ်လို့ ပြောတယ်။ ဆိုတော့ စစ်ကောင်စီကလည်း တင်းခံနေခဲ့တာပဲ။ အခုလည်း စောစောက ပြောခဲ့တဲ့အတိုင်းပဲ ၁၀၂၇ နောက်ပိုင်းမှာ သူတို့ အထိနာလာတဲ့အခါ၊ အစတုန်းကလည်း အင်ဒိုနီးရှား အာဆီယံဥက္ကဌ လုပ်တုန်းကလည်းပဲ နိုင်ငံရေး ကိုယ်စားလှယ် လက်မခံဘူး။ နိုင်ငံရေး မဟုတ်တဲ့ ကိုယ်စားလှယ်ဘဲ လွှတ်ပါဆိုပြီးတော့မှ စစ်ကောင်စီ တင်းပြီးတော့မှ မလွှတ်ဘူးဆိုပြီး မာနနဲ့ နေခဲ့ကြတယ်။ အခုကြတော့ လွှတ်လာရပြီ။ နိုင်ငံရေးကိုယ်စားလှယ် မဟုတ်ဘူးဆိုပြီးတော့ သူတို့ လွှတ်တယ်။ Vientiane လာအိုကို လွှတ်တယ်။ ဒီလိုစေ့စပ်မှုတွေ လုပ်လာတယ်ဆိုတော့ အာဆီယံက ဘယ်လိုပုံစံနဲ့ ဆက်လုပ်မလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပဲ။ ဒါကတော့ ဘက်ပေါင်းစုံနဲ့ ထိတွေ့ပြီးတော့ ညှိနှိုင်းဖို့။ အဓိကကတော့ ၂ ဘက်လုံး ပြေလည်ချင်တဲ့ အခြေအနေပေါ့လေ။ ညှိနှိုင်းမှုက အရေးကြီးပါတယ်။ စစ်ကောင်စီက လုံးဝရှုံးနိမ့်သွားပြီ။ နိုင်ငံက ထွက်ရတော့မယ်ဆိုလည်း မညှိနှိုင်းလို့ မရဘူး။ အဲ့ကိစ္စကိုလည်း ပြေလည်အောင် ညှိနှိုင်းရမယ်။ ညှိနှိုင်းမှုဆိုတာ သိပ်အရေးကြီးပါတယ်။ Negotiation culture သိပ်အရေးကြီးပါတယ်။ negotiation လုပ်ဖို့လိုတယ်။ ဆိုတော့ ဒီဟာကို ပြေပြေလည်လည် ညှိနှိုင်းနိုင်ဖို့ သိပ်အရေးကြီးပါတယ်။
မေး ။ ။ ဟုတ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း တနလ်ားနေ့ကပဲ အခုချိန်က ညှိနှိုင်းဖို့အချိန် အကောင်းဆုံးလို့ ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ကရော ကုလသမဂ္ဂနဲ့ ဘယ်လိုကဏ္ဌကနေ ပူးပေါင်းပြီးတော့ မြန်မာ့အရေး ပြေလည်ဖို့ ဆောင်ရွက်ပေးနိုင်ပါမလဲ။
ဖြေ ။ ။ ကုလသမဂ္ဂကတော့ Open Diplomacy သဘောမျိုး ဆိုင်တာပေါ့ သူတို့က။ ကုလသမဂ္ဂဘက်က သံတမန်က Open မလုပ်ချင်တောင်မှ စစ်ကောင်စီက Open လုပ်ချထားလိုက်တယ်လေ။ မှတ်မိလား -- နော်လင်ဟေဇာ သွားတုန်းက နော်လင်ဟေဇာကို ပြောတာ သူတို့ မကျေနပ်တော့ စစ်ကောင်စီကို အသေးစိတ်ကို သူတို့ ထုတ်ပြန်လိုက်တယ်။ နိုင်ငံတကာသံတမန်မှာ လုပ်ရိုးလုပ်စဥ် မရှိဘူးလေ။ အဲဒီလို လုပ်ခဲ့သလိုမျိုးပဲ သူတို့ တိုးတိုးတိတ်တိတ်နဲ့ ချဉ်းကပ်တဲ့ သဘောဆိုတော့၊ တနိုင်ငံချင်း ချဉ်းကပ်မှု့ပေါ်လေ .. ထိုင်းတို့ဘာတို့ လာအိုတို့ကတော့ အဲ့လို တိုးတိုးတိတ်တိတ် ချဉ်းကပ်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒါက ပိုပြီးတော့ ထိရောက်နိုင်မလားလို့ ယူဆရပါတယ်။
မေး ။ ။ အဲဒီတော့မြန်မာ့အခြေအနေက ဘယ်လောက်ထိ ဆက်ပြီးတော့ ဆိုးလာနိုင်ပါသလဲ။ အဲဒီတော့ ဒီလိုအခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ရော ဘယ်လိုဝင်ပြီးတော့ ဖြေရှင်းပေးနိုင်ပါသလဲ။
ဖြေ ။ ။ ကုလသမဂ္ဂကတော့ ပြဿနာပြေလည်ဖို့အတွက် ညှိနှိုင်းပေးရုံပေါ့လေ။ လုပ်ကြပါ ဘာညာတိုက်တွန်းတာထက် ဘာမှ ထွေထွေထူးထူး ဝင်ရောက်စွက်ဖက်နိုင်စရာလည်း အကြောင်းမရှိဘူး ထင်ပါတယ်။ အချင်းချင်းညှိနှိုင်းလိုတယ်။ တချို့ကတော့ သုံသပ်ကြတယ် နှစ်ဘက်လုံး စစ်ပန်းပြီးတော့ နှစ်ဘက်လုံး ဘာမှ မလုပ်နိုင်ဘူးဆိုတော့မှ -- လာကွာ မင်းနဲ့ငါနဲ့ ပြောမှရတော့မယ်ဆိုတဲ့ သဘောမျိုး လုပ်လာလိမ့်မယ်လို့ ယူဆတဲ့လူလည်း ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအခြေအနေကို ပြောရရင်တော့ ယတိပြတ် ဘယ်လို တက်လာလိမ့်မယ်လို့ ပြောဖို့လည်း သိပ်ခက်ပါတယ်။ မျှော်လင့်ထားပြီးတော့ မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဓာတ်ကျတာလည်း အများကြီးရှိပါတယ်။ လူတွေက ပြောကြအုန်းမယ် ဒီတခါ နားထောင်ရတာလည်း စိတ်ပျက်စရာကောင်းတယ်။ အားတက်စရာ ဘယ်တောမှ မပြောဘူးဆိုပြီးတော့။ အားတက်စရာ သိပ်ပြောချင်ပါတယ်။ အားတက်စရာ ပြောရအောင်လည်းပဲ အခြေအနေ မဟုတ်သေးဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ နှစ်ဘက်လုံး စဥ်းစားချင့်ချိန်တဲ့ စိတ်ဓာတ် ပေါ်ပေါက်ကြပါစေ။ ပြည်သူကို ငဲ့ညှာသောအားဖြင့် အဲဒါ သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်ကပေါ့လေ။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာရှင်။