မြန်မာနိုင်ငံမှာ ပေါကြွယ်ဝတဲ့ သယံဇာတတွေဟာ တိုင်းပြည်ရဲ့ အဓိကဝင်ငွေဖြစ်နေပေမဲ့ အခုလို သဘာဝသယံဇာတတွေ တူးဖော်နေကြတဲ့ နေရာအများစုမှာတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဖြစ်နေပါတယ်။ အခုလို ပြဿနာတွေအပေါ် NLD အစိုးရသစ်အနေနဲ့ ဘယ်လို တိုးတက်မှုတွေရှိအောင် လုပ်ဆောင်နိုင်မလဲ။
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဘယ်လို ကူညီထောက်ပံ့မှုတွေ ပေးနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုင်ရာ မြန်မာမဟာမိတ်အဖွဲ့ရဲ့ ကြိုးကိုင်ကော်မတီဝင် စောအဲလက်စ်ထူးရဲ့ ပြောဆိုဆွေးနွေးချက်နဲ့ ပတ်သက်ပြီးတော့ တက်ရောက်သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းခန့်မောင်ကို ဦးစံမိုးဝေက ဆက်သွယ်မေးမြန်းကြည့်တဲ့က အခုလို စ ပြောခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာနိုင်ငံကနေ တက်ရောက်ပါဝင်ဆွေးနွေးသူ တဦးဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုင်ရာ မြန်မာမဟာမိတ်အဖွဲ့ အကျိုးကိုင်ကော်မတီဝင် စောအဲလက်စ်ထူးကတော့ သယံဇာတကျိန်စာသင့်ရတဲ့ အဓိကအကြောင်းအရင်းကို အခုလို ရှင်းပြပါတယ်။
“ကျနော်မြန်မာပြည်ရဲ့ သယံဇာတကျိန်စာကို ကျနော်တို့ ပြောတဲ့အချိန်မှာ အဓိကအားဖြင့် အုပ်ချုပ်ရေးစနစ်၊ နောက် ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ပြီးလို့ရှိရင် ထိရောက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေက သယံဇာတကျိန်စာတွေကို ပိုပြီးတော့မှ ဖြစ်စေတာကို ကျနော်တို့ တွေ့ရတယ်။”
ဒီကျိန်စာကို ဘယ်လိုရှောင်လွှဲရမလဲဆိုတာနဲ့ ပတ်သက်လို့ -
“သူ အဓိကထောက်ပြတာကတော့ ဒီမှာ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖို့၊ အစိုးရသစ်အနေနဲ့ အခု တူးဖော်ရေးကိစ္စတွေကို ကျောက်စိမ်းတူးဖော်တဲ့ကိစ္စတို့၊ တခြား သယံဇာတထုတ်ယူခွင့်ကိစ္စတွေကို အရင်အစိုးရဟောင်းနဲ့ ချုပ်ထားတဲ့စာချုပ်တွေကို အားလုံး ပြန်ပြီးတော့ သုံးသပ်ကြည့်ပြီးတော့ ရပ်တန့်သင့်တဲ့ကိစ္စတွေကို ရပ်၊ တချို့ဟာတွေကိုလည်း နောက်မှ အကန့်အသတ်နဲ့ ထုတ်ခွင့်ပြုဖို့ပေါ့နော် အဲဒါကိုတော့ သူက အဓိက ဆွေးနွေးတာပါ။ သူ ထောက်ပြတာကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဖို့ လိုအပ်တဲ့ကိစ္စပေါ့နော်။ အဲဒီထဲမှာလည်း အခု ကျနော်တို့ သယံဇာတအလွဲသုံးစားလုပ်မှုတွေ အဲဒီဟာတွေအတွက် ထိခိုက်မှု အများကြီး ပါတယ် ဆိုတာပါပဲ။”
မေး - သြော် ဟုတ်ကဲ့ အဲဒီတော့ သူ့ရဲ့ ဆွေးနွေးချက်တွေ အပေါ်မှာရော တက်ရောက်တဲ့သူတွေ ဘက်ကရော ဘယ်လိုအမြင်တွေရှိကြသလဲ။ ဘာတွေများ ပြန်ဆွေးနွေးတာတွေ ရှိသလဲ။
ဖြေ - တော်တော်များများ ယေဘုယျအားဖြင့် တူညီတဲ့အချက်တွေ ရှိကြပါတယ်။ Stefanie Ostfeld ပေါ့နော် သူကတော့ ပြီးခဲ့တဲ့နှစ် Global Witness ကနေ ထုတ်လိုက်တဲ့ ကျောက်စိမ်းတူးဖော်မှု အစီရင်ခံစာရဲ့ အဖွဲ့မှာပါတဲ့ တာဝန်ရှိသူပေါ့နော်။ သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြသွားတာကတော့ - ကျောက်စိမ်းက မြန်မာပြည်မှာ အများဆုံး တန်ဖိုးအရှိဆုံးဖြစ်နေတဲ့ ကိစ္စပေါ့နော်။ အဲဒါကို ဆွေးနွေးသွားတယ်။ သယံဇာတတွေကို ထုတ်ဖော်ခွင့်ရတဲ့ ကုမ္ပဏီတွေနောက်က ID တွေကို သေချာစစ်ဆေးဖို့နဲ့ နောက် လိုင်စင် Terms and Agreement ပေါ့နော် စာချုပ်သဘောတူညီချက်တွေကို သေချာစိစစ်ဖို့၊ နောက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ EITI လို အဖွဲ့အစည်းတွေရဲ့ အကူအညီ ပိုပြီးတော့ ရယူဖို့၊ အဲဒါတွေကို သူက ထောက်ပြဆွေးနွေးသွားတာပါ။
မေး - ဟုတ်ကဲ့ ဒီနေ့ ဆွေးနွေးတဲ့ထဲမှာ ကျောက်စိမ်းကိုပဲ အဓိကထား ဆွေးနွေးတာလား။ တခြား ဘာသယံဇာတတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာမျိုး ကြားရသေးလဲ။
ဖြေ - ကျောက်စိမ်းကတော့ အဓိကသွားတာပေါ့နော်။ ဒီပွဲကတော့ Natural Resources ဆိုတော့ သယံဇာတတွေ အားလုံး ပါဝင်တာပေါ့။ ကျောက်စိမ်းကို အဓိကထား ဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ ကျောက်စိမ်းက ဗမာပြည်မှာ တူးဖော်ခွင့်ရတဲ့အထဲမှာမှ အကျိုးအမြတ် အများဆုံးရှိတဲ့ဟာ အဲဒါကိုပဲ သူတို့ အဓိက ခေါင်းစဉ်အနေနဲ့သွားတာပေါ့နော်။ ဒါပေမဲ့ ယေဘုယျတော့ အကုန်လုံး ပါဝင်ပါတယ်။ ကျောက်စိမ်းရော၊ သဘာဝဓာတ်ငွေ့တွေရော၊ တခြား ကြေးနီတူးဖော်မှုတွေရောပေါ့။
မေး - တခြား စိတ်ဝင်စားစရာကောင်းတဲ့ ဆွေးနွေးမှုတွေရော ဘာတွေများ ကြားခဲ့ရသေးလဲ။
ဖြေ - World Bank ကမ္ဘာ့ဘဏ်က စီးပွားရေးပညာရှင်တယောက် ဆွေးနွေးသွားတာကတော့ အဓိက အချက် ၂ ချက်လို့ သူက မြင်တယ်တဲ့။ ဒီအစိုးရအနေနဲ့ တခြားအရေးကြီးတဲ့ ဟာတွေထဲမှာမှ အရေးအကြီးဆုံးလို့ သူ့အနေနဲ့ မြင်တာကတော့ ၁ အချက် ပွင့်လင်းမြင်သာမှု ပိုရှိဖို့ပေါ့နော်။ စီမံကိန်းတွေ လုပ်ကိုင်တဲ့နေရာမှာ စာရွက်စာတမ်းတွေအပြင် ဘာတွေ သဘောတူညီမှုရှိတယ်၊ အဲဒီဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ လုပ်ဖို့ရယ်၊ နောက်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေါ့ ပြည်သူလူထုက အဲဒီနယ်မှာရှိတဲ့ ဒေသခံလူထုရဲ့ ဆုံးဖြတ်ခွင့်တွေကို ပိုပြီးတော့ သက်ရောက်ဖို့ပေါ့နော်။ အဲဒီနှစ်ချက်ကို သူက အဓိက ဆွေးနွေးသွားပါတယ် သူ့အမြင်ကပေါ့နော်။
ကိုဝင်းခန့်မောင် တက်ရောက်သတင်းယူခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းအနားကို Carnegie ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အဓိက တက်ရောက် ဆွေးနွေးခဲ့ကြသူ ၆ ဦးကတော့ ကိုစောအဲလက်စ်ထူး၊ သဘာဝအရင်းအမြစ် ထိန်းချုပ်ရေးဌာနက Jelson Garcia၊ Patrick Heller၊ Global Witness အဖွဲ့က Stefanie Ostfeld၊ ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင် Sudhir Shetty နဲ့ မြန်မာနိုင်ငံဆိုင်ရာ IMF အကြီးအကဲ Yongzheng Yang တို့ဖြစ်ကြောင်း သိရပါတယ်။
Your browser doesn’t support HTML5