မြန်မာနိုင်ငံအစိုးရ အကူးအပြောင်းချောမွေ့ဖို့ ပြည်တွင်းပြည်ပ လိုလား

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာသမ္မတ တွေ့ဆုံ-သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီး။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကို အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ ပြင်ပမှာ ရုရှား ဝန်ကြီးချုပ် Dmitry Medvedev နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့သလို ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဘာတွေ ဆွေးနွေးခဲ့ကြလဲ ဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပေမယ့် ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာ့ အသွင်ကူးပြောင်းရေးကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အာဆီယံ ထိပ်သီးညီလာခံအတွင်း မနေ့ စနေနေ့ တုန်းကလည်း အမေရိကန် သမ္မတ Barack Obama နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ခဏတာ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုခဲ့ကြတယ်လို့ မြန်မာသမ္မတရုံးရဲ့ ပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အလားတူ သမ္မတ ဦးသိန်းစိန်ဟာ - ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အာဆီယံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံ ဘေးပန်းမှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အဆင်ပြေ ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေး မြန်မာအစိုးရကို ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ ပြုပြင်ပြောင်းလဲမှု ရလဒ်အနေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဝန်ကြီးချုပ် Shinzo Abe က သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။