ဟောင်ကောင်ဆန္ဒပြကျောင်းသားတွေ တက္ကသိုလ်ဝန်းထဲပိတ်မိနေ

(Zawgyi/Unicode)

ဟောင်ကောင် တက္ကသိုလ်ကျောင်းဝန်းထဲမှာ လုံထိန်းရဲတွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ထားမှုကြောင့် အရေအတွက်အားဖြင့် ၂၀၀ အောက်ရှိတဲ့ ဆန္ဒပြကျောင်းသားတွေ ကျောင်းဝန်းထဲမှာ ပိတ်မိနေပြီး ရဲတပ်ဖွဲ့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကျောင်းသားတွေက ဒီကနေ့ ကြိုးစားခဲ့ကြပါတယ်။

အတွင်းမှာ ပိတ်မိနေတဲ့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ အတော်ကြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့အထိ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျဆင်းနေသူ ဆယ်ကျော်သက် နှစ် ဦးထက် မနည်းရှိတဲ့အကြောင်း ဟောင်ကောင် Polytechnic တက္ကသိုလ်ဝန်းထဲမှာ ကျောင်းသားတွေနဲ့အတူ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် Iris Tong က ပြောပြပါတယ်။

ကျောင်းသားတွေကို သူတို့ရဲ့ လက်ဖြစ် အိမ်လုပ်လက်နက်တွေကို ထားပြီး ကျောင်းဝင်း ထွက်ပေါက် တခုထဲကနေပဲ ထွက်ခွာဖို့ ရဲက တနင်္ဂနွေနေ့ကတည်းက အမိန့်ပေးထားတာပါ။ ကျောင်းသားတွေအနေနဲ့ ဒီလို ထွက်ပေါက် တခုထဲကထွက်တဲ့အခါ ဆန္ဒပြ ဆူပူလှုပ်ရှားမှုနဲ့ အရေးယူခံရတာမျိုး ကြုံရနိုင်တာပါ။

ဒီကနေ့ အင်္ဂါနေ့ အစောပိုင်းကတော့ ဒေသခံအာဏာပိုင်တွေ၊ ရပ်ကွက်လူကြီးတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ကျောင်းသားတွေ ရာနဲ့ချီ ကျောင်းဝန်းထဲကနေ ထွက်ခွာဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ တခြား ကျောင်းသားတွေက သတ်မှတ်ပေးထားတဲ့ ထွက်ပေါက်က မထွက်ဘဲ ရဲအတားအဆီးတွေကို ကျော်ပြီး အပြင်မှာစောင့်နေတဲ့ မော်တော်ဆိုင်ကယ်တွေဆီကို ရောက်အောင် ကြိုးနဲ့ လျောစီးပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီလိုထွက်ပြေးဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေသုံးပြီး တားဆီးခဲ့ပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်ဆန္ဒပြကျောင်းသားတွေ တက္ကသိုလ်ဝန်းထဲပိတ်မိနေ

[Unicode Version]






