ဟောင်ကောင်ဆန္ဒပြသူတွေ လေဆိပ်သွားလမ်းတွေ ပိတ်ဆို့

ဟောင်ကောင်လေဆိပ်တွင် ဆန္ဒပြနေသူများ။ (စက်တင်ဘာ ၁၊ ၂၀၁၉)

ဟောင်ကောင်မှာ တနင်္ဂနွေနေ့က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ နိုင်ငံတကာလေဆိပ်နားက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

၁၃ ပတ်မြောက်အဖြစ် စနေနေ့ကတည်းက အစိုးရအုပ်ချုပ်ရေးရုံးတွေ ရှိတဲ့နေရာမှာ ဆန္ဒပြခဲ့ကြပြီး ရဲတွေနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က နိုင်ငံတကာလေဆိပ်နားအနီး ဆန္ဒပြပွဲတွေကြောင့်လည်း လေယာဉ်ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ရပြီး လေဆိပ်ကို ပြေးဆွဲနေတဲ့ အမြန်ရထား ဝန်ဆောင်မှုကိုလည်း အာဏာပိုင်တွေက ရပ်ဆိုင်းခဲ့ပါတယ်။

ဒီမိုကရေစီစနစ် ပြောင်းလဲရေး တောင်းဆို ဆန္ဒပြနေတဲ့ လူငယ်တွေဟာ ဟောင်ကောင်မြို့လမ်းမတွေမှာ မီးခိုလုံးတွေ ဖုံးအုပ်သွားအောင် မီးရှို့ဆန္ဒပြခဲ့ကြတဲ့အတွက် တညအတွင်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးအရာရှိတွေကတော့ ဟောင်ကောင်ရဲတွေဘက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်က မီးလောင်ဗုံးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်၊ လမ်းတွေကို ပိတ်ဆို့တားဆီးမှုတွေကို ရဲတွေဘက်က မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွဲခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရာဘာတုတ်တွေနဲ့ ရိုက်နှက်၊ တကြိမ်မှာတော့ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။

တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့ ဗွီဒီယိုမှတ်တမ်းတခုမှာတော့ ဟောင်ကောင် မြေအောက်ရထားဘူတာရုံနှစ်ခုမှာ ယူနီဖောင်းအပြည့် ဝတ်ထားတဲ့ ဟောင်ကောင်လုံထိန်းရဲတွေက နံပါတ်တုတ်တွေကိုင် ပြေးလွှားပြီး ရထားစီးဖို့ စောင့်နေတဲ့ ခရီးသည်တွေနဲ့ ရထားထဲရှိနေတဲ့ ခရီးသည်တွေကို လိုက်လံရိုက်နှက် အကြမ်းဖက်ဖမ်းဆီးမှုတွေ တွေ့ခဲ့ရပါတယ်။

Prince Edward ဘူတာရုံအတွင်းဖြစ်ခဲ့တဲ့ လုံထိန်းရဲတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကို မှတ်တမ်းဗွီဒီယိုကနေ တွေ့မြင်ခဲ့ရတဲ့ ဟောင်ကောင်ပြည်သူအများစု အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။

Prince Edward ဘူတာရုံမှာ ဖြစ်ခဲ့တဲ့ အခြေအနေဟာ ပရမ်းပတာဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကြား ခွဲခြားဖို့ အခက်အခဲ ရှိခဲ့တဲ့အတွက် ရဲတွေဘက်က ရထားစီးသူတွေအားလုံးကို ခြိမ်းခြောက်ကိုင်တွယ်တဲ့ပုံစံမျိုး ဖြစ်ခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးက သတင်းထောက်တွေကို ဝန်ခံပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အများပြည်သူလုံခြုံရေးနဲ့ ဥပဒေချိုးဖောက်သူတွေကို အရေးယူဖို့အတွက်တော့ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းသွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်ဆန္ဒပြသူတွေ လေဆိပ်သွားလမ်းတွေ ပိတ်ဆို့