ဟောင်ကောင်သပိတ်စခန်း ရဲရှင်းလင်း

Workers start clearing away barricades at an occupied area outside government headquarters in Hong Kong, Nov. 18, 2014.

စက်တင်ဘာလကတည်းက စတင်လာခဲ့တဲ့ ဟောင်ကောင်မြို့လယ် လမ်းမပေါ်က သပိတ်စခန်းကို အာဏာပိုင်တွေက ဒီကနေ့ အစောပိုင်းမှာ စတင် ရှင်းလင်းခဲ့ပါတယ်။

ဟောင်ကောင် အစိုးရရုံးချုပ်နားက စီးပွားရေး အချက်အချာကျတဲ့ Admiralty ရပ်ကွက်လမ်းမတွေပေါ် ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရှင်းလင်းဖို့ဆိုတဲ့ တရားရုံး အမိန့်စာကို တာဝန်ရှိသူတဦးက လာဖတ်ပြပြီးနောက် ရှင်းလင်းရေးတွေ စလုပ်ခဲ့တာပါ။

ဆန္ဒပြသူတွေဘက်ကတော့ တားဆီးဟန့်တား တာမျိုးမရှိဘဲ သူတို့ရဲ့တဲတွေ၊ ပစ္စည်းတွေကိုယူပြီး ရဲတပ်ဖွဲ့ ထွက်ခွာသွားတဲ့ နေရာလွတ်တွေဆီ ရွှေ့သွားကြပါတယ်။ အခုနေရာနဲ့ ဆိပ်ကမ်းရဲ့ တဖက်က Mong Kok ခရိုင်နေရာတွေကို ရှင်းလင်းဖို့ ဟောင်ကောင်တရားရုံး တခုက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမိန့်ထုတ်ထားတာပါ။

ဟောင်ကောင်၊ တရုတ်တက္ကသိုလ်က မကြာသေးခင်ကကောက်ယူတဲ့ လူထုစစ်တမ်း တခုမှာ ဆန္ဒပြပွဲတွေကို အဆုံးသတ်သင့်ပြီလို့ အများစုက ပြောထားတာ ထွက်လာပြီးတဲ့နောက် အခုလို ရှင်းလင်းတာလည်း ဖြစ်ပါတယ်။

စစ်တမ်းမှာပါတဲ့ လူ ၁,၀၀၀ ကျော်ထဲမှာ ၄၃ ရာခိုင်နှုန်းက ဆန္ဒပြပွဲကို ဆန့်ကျင်ပြီး ၃၄ ရာခိုင်နှုန်းက ထောက်ခံပါတယ်။ ဒါပေမဲ့ လည်း ၆၇% ကတော့ ဆန္ဒပြသူတွေ အိမ်ပြန်သင့်ပြီလို့ ပြောကြပါတယ်။ ၂၀၁၇ ခုနှစ် ဟောင်ကောင်မှာ ကျင်းပမယ့် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကို အပြည့်အ၀ ဒီမိုကရေစီနည်းကျ ကျင်းပဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။