ဆန္ဒပြမှုတွေဆက်ဖြစ်နေတဲ့ ဟောင်ကောင်မှာ ဒီကနေ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ကျောင်းသား ရာနဲ့ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့ ဒီနေ့တနင်္လာနေ့မှာ ကျောင်းသူ ကျောင်းသားတွေဟာ စာသင်ခန်းတွေကို မသွားဘဲ ဒီမိုကရေစီရေးဆန္ဒပြသူတွေနဲ့ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ၂ ရက်အထွေထွေသပိတ်မှောက်ကြဖို့ ဆော်သြထားတာနဲ့အတူ တနင်္လာနေ့ ရုံးတက်ချိန် မီးရထားတွေပေါ်က လူတွေမဆင်းနိုင်အောင် ရထားတံခါးတွေကို ဆန္ဒပြသူတွေ ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ကလည်း နိုင်ငံတကာလေဆိပ်တွေထဲ လူတွေမဝင်နိုင်အောင် အတားအဆီးတွေလုပ်ခဲ့ပါတယ်။ မြေအောက်ရထားဘူတာတွေထဲမှာလည်း ပိတ်ဆို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ဘူတာရုံတချို့ကို ပိတ်ခဲ့ရပါတယ်။ စနေ၊ တနင်္ဂနွေဆန္ဒပြမှုတွေအတွင်း ရဲတွေကို တိုက်ခိုက်မှု လက်နက် ပိုင်ဆိုင်မှုတို့အပါအဝင် ဥပဒေချိုးဖောက်သူ ၁၅၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဖမ်းဆီးထားသူတွေထဲမှာ အသက် ၁၃ နှစ်အထိ ငယ်သူတွေပါပါတယ်။
စနေနေ့က ဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသူတွေဖက်က အိမ်လုပ်ဗုံးပေါင်း ၁၀၀ ထက်မနည်းနဲ့ ပစ်ပေါက်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ရာဇဝတ်မှုနဲ့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးရေး ဥပဒေကြမ်းအပေါ် မကျေနပ်တဲ့အတွက် ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်နေတာ သီတင်း ၁၃ ပတ်ကျော်နေပါပြီ။
အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ယာယီရုပ်သိမ်းထားပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးရဲ့ ထိန်းချုပ်မှု ပိုတိုးလာနေတယ်လို့ ဟောင်ကောင်ဒေသခံတွေက မြင်နေကြတဲ့အတွက် အကြီးအကျယ်ဆန္ဒပြမှုတွေဖြစ်နေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5