(Zawgyi/Unicode)
ဟောင်ကောင်မှာ ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၁ ယောက် ဒဏ်ရာရသွားပါတယ်။ လမ်းမတခုပေါ်မှာ ဆန္ဒပြသူ ၁ ယောက်နဲ့ရဲ့ ထိပ်တိုက်တွေ့နေချိန် အဲဒီနားကို ကပ်လာတဲ့ နောက်တယောက်ကို ရဲက အနီးကပ် သေနတ်နဲ့ပစ်လိုက်တဲ့ Video လည်း ပျံနှံ့နေပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ကာကွယ်ပြောကြားရာမှာ ရဲအရာရှိက သူ့သေနတ်ကို လုယူမှာ စိုးရိမ်လို့ ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။
ရင်ဘတ်နေရာကို သေနတ်ထိမှန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆန္ဒပြသူဆေးရုံမှာ ခွဲစိတ်ကုသခံခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ဆေးရုံကပြောပါတယ်။
ဆန္ဒပြသူတချို့နဲ့အငြင်းပွားခဲ့သူ တယောက်ကိုဆန္ဒပြသူတွေက လောင်စာနဲ့ပက်ပြီး မီးရှို့မှုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီသူကိုလည်း ဆေးရုံတင်ထားရပါတယ်။
ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေဟာ မီးရထားလမ်းတွေ ကား လမ်းတွေကို ဆန္ဒပြသူတွေ ပိတ်ဆို့ တားဆီးခဲ့ကြပါတယ်။ တက္ကသိုလ်ဝန်းတခုမှာလည်း ဆန္ဒပြသူတွေက ရဲတွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
တချို့နေရာတွေက ဆန္ဒပြမှုတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေသုံး လူစုခွဲခဲ့ပါတယ်။ ဟောင်ကောင်က ဒီကနေ့ ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam ကပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြတာထက် အများကြီးလွန်ကျူးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြတယ်လို့ ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရရဲ့ လွှမ်းမိုး ထိန်းချုပ်မှု ပိုများလာနေတယ်ဆိုပြီး ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြပွဲတွေဖြစ်နေတာ ၅ လကြာ ရှိနေပါပြီ။
Your browser doesn’t support HTML5
[Unicode Version]