မြဝတီမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်

ကော်ဘရာစစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာက ဩဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ လက်ခတ်တောင်စခန်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် ပစ္စည်းများ

ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် ရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဒီရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေပါတယ်။ နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေ ရှိသလို၊ စစ်ကောင်စီဘက်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေလို့ ဘာသာရေး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အတွင်း စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် ရယူဖို့ ကြိုးစားနေတာမှာ စစ်ကောင်စီတပ်တွေနဲ့ BGF နယ်ခြားစောင့်တပ်တွေက တဘက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ပါတဲ့ ပူးပေါင်းတပ်တွေက တဘက် တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒီစခန်းကို ရရှိဖို့ အတွက် မြဝတီနဲ့ မယ်ထော်သလေးရွာ ကြားက လမ်းပိုင်းတခုကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက ဒီကနေ့ မနက်မှာ ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောတယ်။ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခေါင်းဆောင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

"လက်ခတ်တောင် စခန်းကုန်းကို ကျနော်တို့က လွန်ခဲ့တဲ့ ဇူလိုင်လ နောက်ဆုံး အပတ်ကနေ သိမ်းထားတာ။ စစ်ကောင်စီဘက်က ဒီစခန်းကို ပြန်သိမ်းဖို့အတွက် အင်အားတွေ နဲ့ တက်လာတယ်။ ဒီစခန်းကုန်းကို ပြန်ယူဖို့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒီနေ့ဆိုရင် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်လာတယ်။ မနက်ပိုင်းမှာလည်း လက်နက်ကြီးနဲ့ ထိုးစစ်ဆင်လာတာပေါ့။ သူတို့ဘက်က စစ်ကောင်စီနဲ့ နယ်ခြားစောင့် တပ်တို့က ပူးပေါင်းပြီး ထိုးစစ်ဆင်တာဖြစ်တယ်။ တပ်မ ၄၄ က တပ်မမှူးကိုယ်တိုင် ကွတ်ကဲပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း ကေအန်ယူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည်ခုခံနေတာ သူတို့ဘက်က တောင်ခြေနားတောင် မကပ်နိုင်သေးဘူး။ ၁၂၀ မမ တွေနဲ့ ပစ်ကူပေးနေတာ တိုက်ပွဲက အတော်ကို ပြင်းထန်နေတယ်။ ထူးခြားတာက အခုချိန်ထိတော့ သူတို့ဘက်က လေယာဉ်ပစ်ကူတွေ အခုထိ မကြားရသေးဘူး။"

လက်ခတ်တောင်စခန်းကုန်းကို ၅ ရက်အတွင်း ပြန်လည် သိမ်းယူဖို့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းရင်းမြစ်က ပြောပါတယ်။ ဒီအတွက် လက်နက်ကြီး ပစ်ခတ်တာတွေက ပြင်းထန်နေပြီး တိုက်ပွဲအနီးနားက ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေ ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခေါင်းဆောင်က ပြောပါတယ်။

"ဒီနေ့မနက် ၉နာရီခွဲ ၁၀ နာရီလောက် မေတ္တာလင်းမြိုင်နဲ့ လက်ခတ်တောင်ကြားက စခန်းကုန်းကို သိမ်းမယ်ဆိုတော့ အဲဒီနားက ဘာသာရေး အဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းတွေလည်း ရှိတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေလည်း ရှိတယ်။ အဲဒီဘက်တွေကို ပစ်နေတာ။ အဲ့ဒီမှာ ဘာသာရေး အဆောက်အဦး ၅ ခုလောက် ပျက်စီးတယ်လို့ ကြားပါတယ်။"

ထိခိုက်ကျဆုံးစာရင်းနဲ့ ပတ်သက်လို့လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အခုလို ပြောပါတယ်။

"အကျအဆုံးကတော့ စာရင်းအရဆိုရင် သူတို့ဘက်က (စကစ) ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၇ ယောက် ကျတယ်။ ၃၄ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်လည်း ၁ ယောက်ကျတယ်။ ၈ ယောက်လောက် ဒဏ်ရာရတယ်။"

နှစ်ဘက် ထိခိုက်သေဆုံးစာရင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သလို၊ စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မရှိသေးပါဘူး။ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး။ ဒီအတောအတွင်း လက်ခတ်တောင်တိုက်ပွဲမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ယူဆောင်လာပြီး လက်နက်ချကြောင်း ကော်ဘရာစစ်ကြောင်းကလည်း ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ် ။

လက်ခတ်တောင်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၆) က တပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေပါတဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လတ်ခတ်တောင် စခန်းကုန်းကိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြဝတီမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်