အရွယ်မတိုင်မီ နှလုံးဖောက် သေဆုံးခြင်း

  • ဝင်းမင်း

Heart Attack Stock

မြန်မာနိုင်ငံမှာ ရုတ်တရက် နှလုံးဖောက် (Heart Attack) ဖြစ်တာက၊ အစောပိုင်းမှာ အသက်ကြီးမှ ဖြစ်တာကနေ၊ တဖြည်းဖြည်း အသက်အရွယ် ပိုငယ်သူတွေမှာပါ ဖြစ်လာနေတယ်လို့၊ နှလုံးအထူးကုတွေက သတိပေးလိုက်ပါတယ်။

နှလုံးဖောက်တာက အရင်တုံးက ပျမ်းမျှအသက် (၆၀) ဝန်းကျင်မှာ ဖြစ်လေ့ရှိတာကနေ၊ အခုတော့ အသက် (၄၀) နဲ့ (၂၀) ဝန်းကျင်အထိ အရွယ်ငယ်စဉ်မှာကို ဖြစ်လာနေတာ တွေ့ရှိထားပါတယ်။ အခုလို နှလုံးဖောက်တာ အဓိက ဖြစ်စေတာကတော့၊ နှလုံးသွေးကြော ကျဉ်းလာတာနဲ့ သွေးကြောပိတ်သွားတာတွေကြောင့်ပါ။ နှလုံးသွေးကြောကျဉ်းတာကိုတော့ ပြင်ပဆေးခန်းတွေမှာ အဓိကကုသလေ့ ရှိပြီး၊ နှလုံးပိတ်တာကတော့ ဆေးရုံရောက်လာလေ့ ရှိပါတယ်။ မန္တလေးအထွေထွေဆေးရုံကြီး မှတ်တမ်းတွေအရေတော့ သွေးကြောပိတ်ပြီး ရောက်လာသူတွေထဲ အငယ်ဆုံးက (၂၁) နှစ်အရွယ်ထိ ဖြစ်လာနေပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ အသက် (၃၀) အောက်မှာ အခုလိုဖြစ်တာက စုစုပေါင်းရဲ့ (၁၀)% ဝန်းကျင်အထိရှိလာပြီး၊ အသက် (၄၀) အောက်ကလည်း (၂၅)% ဝန်းကျင်အထိ ဖြစ်လာနေပါတယ်။ ဒီအထဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တာတွေ့ထားရာမှာ၊ အဓိက ဖြစ်ရတာက ဆေးလိပ် (E-စီးကရက်/Vape ရှုတာ အပါအဝင်) နဲ့ ဆေးရွက်ကြီး (ကွမ်းမှာထည့်စားတာ) ကြောင့်ပါ။

အခုလို သွေးကြောကျဉ်း၊ သွေးကြောပိတ်တာကနေ ရုတ်တရက် နှလုံးခုန်ရပ် နှလုံးဖောက် သေဆုံးတာ (Sudden Cardiac Death) မဖြစ်အောင်၊ အဓိကကာကွယ်ဖို့ကတော့၊ နှလုံးမထိခိုက်အောင် ကြိုတင်ကာကွယ်ဖို့ပါ။ ပုံမှန် သဘာဝအားဖြင့်တော့ အသက်အရွယ်ကြီးလာချိန်မှာ နှလုံးသွေးကြောမာလာတာ၊ သွေးကြောထဲ အဆီများလာတာတွေကြောင့် အခုလို သွေးကျောကျဉ်း၊ သွေးကြောပိတ်တာတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒါပေမဲ့ အသက်အရွယ် မကြီးသေးသူတွေအတွက်တော့ ပြုပြင်လို့မရတဲ့ မွေးရာပါနှလုံးရောဂါနဲ့ မျိုးရိုးလိုက်တာကလွဲပြီး၊ အခုလို နှလုံးမထိခိုက်အောင် ကြိုတင်ကွယ်နိုင်ပါတယ်။ ဒီ နှလုံးသွေးကြောပိတ်၊ သွေးကြောကျဉ်းတာတွေကို အခြေခံဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ သွေးတိုး ဆီးချို၊ သွေးတွင်းအဆီများတာ၊ ဆေးလိပ်၊ ကွမ်း (ဆေးရွက်ကြီးထည့်) သုံးစွဲတာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမူနည်းတာနဲ့ စိတ်ဖိစီးမူ (ဒေါသနဲ့ ပြိုင်ဆိုမူကြောင့် အပါအဝင်) များတာတွေကြောင့်ပါ။

ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်၊ သွေးတိုး ဆီးချို၊ သွေးတွင်းအဆီများတာတွေ ဖြစ်လာလျှင် အသေအချာကုသပြီး စားသောက်နေထိုင်ပုံ ပြောင်းယူတာ၊ ဆေးလိပ်နဲ့ ကွမ်း (ဆေးရွက်ကြီးပါ) မသုံးစွဲတာ၊ အရက်ကို ကျန်းမာရေး မထိခိုက်အောင်သောက်တာ (ပျမ်းမျှ နေ့စဉ် တစ်ပက်ပမာဏ ဝန်းကျင်)၊ အဝမလွန်စေတာ၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်တာနဲ့ စိတ်ဖိစီးမူ ဂရုစိုက်ဆင်ခြင်ပေးတာတွေ လုပ်ပေးဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ နှလုံးခုန်မြန်တာ၊ နှလုံး ပိုအလုပ်လုပ်ရတာ၊ အိပ်ရေးပျက်တာတွေ ဖြစ်စေကာ နှလုံးကိုထိခိုက်လာစေတာပါ။ ဒါ့အပြင် မျိုးရိုးလိုက်သူ (ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို နှလုံးဖောက်သေဆုံးတာနဲ့ လေဖြတ်တာ ဆွေမျိုးထဲရှိသူ) တွေမှာလည်း ကြိုတင်ဆေးစစ်ပြီး၊ ပိုကာကွယ်မူတွေ လုပ်ဆောင်သင့်ပါတယ်။

ဒီနှလုံးရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေး ဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်စိုးဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

* မကြာခင်က နှလုံးဖောက်တာနဲ့ ဆက်စပ်ပြီး အရွယ်မတိုင်ခင် အသက်ဆုံးခဲ့ရတဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များအတွက် အထူးအမှတ်တရ။

===Unicode ====





