ပိုလီယိုရောဂါ မြန်မာနိုင်ငံမှာ ပြန်ပေါ်လာခြင်း

  • ဝင်းမင်း

A health worker gives a polio vaccination to a child in Karachi, Pakistan. (AP Photo/Fareed Khan)

ပိုလီယိုရောဂါ ပပျောက်ပြီလို့ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ ဒီရောဂါပိုး ပြန်တွေ့လာတာကြောင့်၊ ကာကွယ်ဆေးတိုက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

ရုတ်တရက် အကြောသေ ပျော့ခွေရောဂါလို့လည်းခေါ်တဲ့ ပိုလီယိုရောဂါ ကရင်ပြည်နယ်၊ ဖားပွန်မြို့နယ်က ရွာနားတဝိုက် ပြန်ဖြစ်လာတာက၊ သဘာဝပိုး (အရိုင်းပိုး) ကြောင့် မဟုတ်ဘဲ၊ ပိုလီယိုကာကွယ်ဆေးကတဆင့် ဖြစ်လာလေ့ရှိတဲ့ အသွင်ပြောင်း ပိုလီယိုပိုးကြောင့်ပါ။ သဘာဝအရိုင်းပိုးကတော့ ကမ္ဘာမှာ ပပျောက်လုနီးပါးဖြစ်နေပြီး၊ စစ်ပွဲတွေရှိနေကာ၊ ကာကွယ်ဆေး လွှမ်းခြုံမူမကောင်းတဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာပဲ တွေ့ရပါတော့တယ်။ မြန်မာနိုင်ငံမှာ မကြာခင်က ပြန်ဖြစ်လာနေတဲ့ အသွင်ပြောင်း ပိုလီယိုပိုးအနေနဲ့လည်း၊ ပိုလီယိုကာကွယ်ဆေး မတိုက်ထားတဲ့သူတွေကိုသာ ကူးစက်နိုင်ပါတယ်။

အဓိက ဒီကာကွယ်ဆေး မရထားသူတွေက ကာကွယ်ဆေး လွှမ်းခြုံမူအားနည်းတဲ့ နယ်စပ်အနီး စစ်ဒဏ်ခံဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာ နေလာခဲ့ကြသူအများစုပါ။ ဒါ့အပြင် မတည်ငြိမ်မူတွေ၊ သဘာဝဘေးဒဏ်တွေကြောင့် နေရာရွှေ့ပြောင်းရသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေမှာလည်း ဒီကာကွယ်ဆေး မရတာကြောင့် ပိုလီယို ဖြစ်လာနိုင်ပါတယ်။ အရင်ကလည်း ဒီအသွင်ပြောင်း ပိုလီယိုပိုးက ကြိုကြားကြိုကြား ဖြစ်ခဲ့ရာမှာ၊ ၂၀၁၅ ခုနှစ်တုံးကလည်း ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပြန်ဖြစ်တာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုပြန်ဖြစ်လာတဲ့ ဖားပွန်အနားတဝိုက်အပြင်၊ နယ်စပ်ဒေသတွေမှာပါ (၁၅) နှစ်အောက်နဲ့ (၅) နှစ်အောက်ကလေးတွေကို ပိုလီယိုကာကွယ်ဆေးတိုက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေ ညှိုနှိုင်းလုပ်ဆောင်နေကြပါတယ်။

ဒီအသွင်ပြောင်း ပိုလီယိုပိုး ကူးစက်ပုံက ကာကွယ်ဆေးမှာပါတဲ့ အပျော့စား ပိုလီယိုပိုးဟာ ကာကွယ်ဆေးသောက်သူရဲ့ အစာလမ်းကြောင်းကနေ မစင်မှာပါလာပြီး၊ နှစ်အနည်းငယ်အကြာမှာ ဗီဇပြောင်းကာ၊ အသွင်ပြောင်းပိုလီယိုပိုး ဖြစ်လာပြီး၊ ပိုလီယိုကကွယ်ဆေး မရထားတဲ့ ကိုယ်ခံအားနည်းသူထံ ကူးစက်လေ့ရှိတာပါ။ အဓိကအားဖြင့် မသန့်တဲ့ ရေနဲ့ အစားအစာတွေ၊ ဝမ်းသွားတာကနေကနေ တဆင့်ကူးစက်တာပါ။

ကာကွယ်နိုင်ဖို့အတွက်ကတော့၊ မသန့်တဲ့ရေနဲ့ အစာတွေ ပတ်ဝန်းကျင်မှာ ရှိနေပြီး၊ ကလေးဝမ်းသွားတာကတဆင့် လွယ်လွယ်ကူးစက်နိုင်တာကြောင့်၊ တကိုယ်ရေသန့်ရှင်းမူ တစ်ခုတည်းနဲ့ ကာကွယ်ရခက်ကာ၊ ပိုလီယိုကာကွယ်ဆေး တိုက်တာက အကောင်းဆုံး ကာကွယ်နည်းပါ။ အသွင်ပြောင်း ပိုလီယိုပိုး ဆက်တွေ့နေသရွေ့ ဒီကာကွယ်ဆေး ဆက်တိုက်နေဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ပိုလီယို တော်တော်များများကို ထိန်းနိုင်လာမှသာ ပိုးသတ်ထားပြီး အသွင်ပြောင်းပိုး ပြန်မဖြစ်နိုင်တဲ့ ထိုးဆေးကာကွယ်ဆေးကို ပြောင်းထိုးသင့်ပါတယ်။အဲ့ဒီနောက် သဘာဝ အရိုင်းပိုရော အသွင်ပြောင်းပိုးပါ (၂) မျိုးလုံး လုံးဝ နိုင်ငံတိုင်းမှာ ပပျောက်သွားမှသာလျှင် တကမ္ဘာလုံးမှာ ပိုလီယိုကာကွယ်ဆေးပေးတာကို ရပ်တန့်ပြီး၊ ပိုလီယိုဟာ ကမ္ဘာမှ တတိယမြောက် ပပျောက်တဲ့ ရောဂါဖြစ်လာမှာပါ။

ပိုလီယိုရောဂါ ဖြစ်လာတာကို သိနိုင်တဲ့ လက္ခဏာတွေကတော့ အဖျားနည်းနည်းစ ရှိလာပြီး၊ ကြွက်သားနဲ့ ခြေလက်တွေ နာကျင်တာ၊ အာရုံကြော အရင်စထိပြီး ပျော့ခွေလာတာ၊ အကြောသေတာ (တချို့လုံးဝမလှုပ်နိုင်၊ တချို့အတော်အသင့်လှုပ်နိုင်)၊ မသန်တော့တာတွေပါ။ မြန်မာနိုင်ငံမှာ ဒီလူူနာတွေရဲ့ ဝမ်းကို ဆေးစစ်ကြည့်လျှင် အသွင်ပြောင်း ပိုလီယိုပိုးကို တွေ့နိုင်ပါတယ်။

ဒီရောဂါဖြစ်လာပြီးချိန်မှာတော့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာကြောင့် ကံကောင်းသူတချို့ ပြန်ကောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တချို့မှာတော့ နောက်ပိုင်းမှာ အောက်ပိုင်းသေသွားတာအထိ ဖြစ်တတ်ပါတယ်။ မကြာခင်က ဒီရောဂါဖြစ်ခဲ့တဲ့ ဖားပွန်က ကလေးတစ်ဦးမှာ တော်တော်ပြန်ကောင်းလာပေမယ့် နောက်တစ်ဦးကတော့ ခြေလက်မသန်မစွမ်း ဖြစ်သွားခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ အတော်ကြာကုသခဲ့ရာကနေ၊ အခု ပြန်စကောင်းလာနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို မေးမြန်းတင်ပြထားပါတယ်။