မြန်မာနိုင်ငံကို ကူးစက်ဖို့ အန္တရာယ် ရှိနိုင်တဲ့ မျောက်ကျောက်ရောဂါ ဖြစ်လာလျှင်၊ ကြိုခန့်မှန်းနိုင်မဲ့ အနာပုံစံတချို့ ရှိတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ရှင်းလင်းထောက်ပြပါတယ်။
မျောက်ကျောက်ရောဂါ စဖြစ်တာကို တွေ့ရှိတဲ့ အာဖရိကနေ အထူးသဖြင့် အနောက်နိုင်ငံတွေကို ခရီးသွားလည်ပတ်မှုကနေ ကူးစက်ခဲ့သလို၊ မြန်မာကိုလည်း အလားတူ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့လည့်ခရီးသွား လည်ပတ်မှုများတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီရောဂါ စတွေ့ထားပြီး၊ မြန်မာကလူတွေ သန်းဂဏန်းတချို့ချီ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်၊ ကူးလူးဆက်ဆံနေတာကြောင့် ထိတွေ့မှုကတဆင့် (ဥပမာ စိုစွတ်နာထိထားတဲ့ ကား၊ ရထား ထိုင်ခုံ အပါအဝင်ကနေတဆင့်) ကူးစက်နိုင်ခြေ ရှိလာတာပါ။ မြန်မာနဲ့ နယ်ချင်းစပ်နေတဲ့ ချင်းရိုင်ဘက်နဲ့ ချင်းရိုင်နဲ့ အချိတ်အဆက်များတဲ့ ချင်းမိုင်ဘက်မှာလည်း နိုင်ငံခြားခရီးသွားများလေ့ ရှိတာကြောင့် နယ်စပ်ကနေ ကူးလာနိုင်တာကိုလည်း စိုးရိမ်ရပါသေးတယ်။
အခုလို အချိန်မှာ ရောဂါကူးစက်ခံရသူ ရှိလာလျှင် ကြိုတင်ခန့်မှန်းနိုင်ဖို့ မျောက်ကျောက်မှာ မြင်မကောင်းအောင် အရုပ်ဆိုးတဲ့ အနာလက္ခဏာ ရှိပါတယ်။ မျောက်ကျောက်အနာတွေက အရင်တုန်းက လိင်အင်္ဂါတဝိုက် များတာကနေနောက်ပိုင်းမှာ မျက်နှာ၊ ခြေနဲ့လက်တွေမှာ ပိုများလာတာအပြင်၊ ဖျားပြီးရက်ပိုင်းအတွင်း အဖုငယ်တွေတဆင့်ပြီးမှ တဆင့်ပြောင်းကာ သတင်းပတ်ချီ ကြာပါတယ်။ ဖျားပြီး ၃ ရက်လောက်မှာ အနီစက်ငယ်တွေ စထွက်ပြီး၊ အဖုငယ်အဖြစ်ဆက်ကြီးကာ၊ အရည်ကြည်ဖု အနီရဲရဲတွေ အဖြစ်ပြောင်းပြီး တခါတရံ ပြည်ပါလာကာ၊ နောက်ဆုံးပေါက်ပြီး ခြောက်သွားကာ၊ အနာဖေးတက် အနာကျက်ပြီး အမာရွတ်ပါ မကျန်တော့တာပါ။ ဒီအဖုလေးတွေက ၁ စင်တီမီတာကနေ ၄ စင်တီမီတာခန့်အတွင်းသာ ရှိတတ်ပါတယ်။
အခုလို မျောက်ကျောက် အနာလက္ခဏာတွေက တခြား ကျောက်ရောဂါတခုဖြစ်တဲ့ Chicken Pox (ရေကျောက်) နဲ့ နောက်ဆက်တွဲ အသက်ကြီးချိန် ဖြစ်တတ်တဲ့ Shingles (ရေယုံကြီး) တို့နဲ့ကွာပါတယ်။ ရေကျောက်မှာတုံးကတော့ ဒီ အနာပုံစံ မတူတဲ့အဆင့်တွေဖြစ်တဲ့ အဖုသေးလေးတွေ၊ အရည်ကြည်ဖုနဲ့ ခြောက်သွားတာတွေက ရက်ပိုင်းပဲကြာပြီး တချိန်ထဲနီးပါး ဆက်တိုက်လို ဖြစ်လာတာပါ။ ရေကျောက်နာက မျက်နှာ၊ ခြေ လက်အပြင်၊ ကိုယ်ခန္တာပိုင်းမှာလည်း ထွက်တတ်ပါတယ်။ Shingles မှာဆိုလျှင်လည်း အနာတွေက များသောအားဖြင့် ကိုယ်ခန္တာရဲ့ တဘက်ခြမ်းမှာသာ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ စဖြစ်လျှင် ညာဘက်ကို ဆက်ကူးလေ့ မရှိပါဘူး။
အထက်ပါ မျောက်ကျောက် လက္ခဏာရှိသူ တွေ့လာလျှင် ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားပြီး ဆေးစစ်အတည်ပြုသင့်ပါတယ်။ လူနာအနေနဲ့ အလုပ်မသွားဘဲ၊ အိမ်မှာသီးသန့်ခွဲနေကာ၊ အနာလုံးဝပျောက်မှသာ အလုပ်ပြန်ဆင်းသင့်ပါတယ်။ ယားယံတာ သက်သာဖို့ သနပ်ခါးလူးတာ၊ Calamine လိမ်းဆေး လူးတာ၊ အနာသက်သာဖို့ အကိုက်အခဲ ပျောက်ဆေးသုံးတာ၊ အဖျားကျဖို့ အဖျားကျဆေး သောက်တာအပြင်၊ တခြားထွေထွေထူးထူးဆေး လိုလေ့မရှိပါဘူး။ မျောက်ကျောက် ကာကွယ်ဆေးကလည်း နိုင်ငံတိုင်း မရှိသေးတာအပြင်၊ အမေရိကန်မှာတောင် ဈေးလည်းကြီးတာမို့ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပါဘူး။
မျောက်ကျောက်ရောဂါက ကိုဗစ်လို နောက်ပိုင်းနှစ်တွေမှ ပေါ်လာတဲ့ ကူးစက်ရောဂါ (Emerging Infectious disease) ဖြစ်လို့ စသတိထားဖို့ လိုပေမဲ့၊ ထိတွေ့မှုကနေပဲ ကူးနိုင်ပြီး၊ ကိုဗစ်လို လေကတဆင့် ကူးတာမဟုတ်လို့၊ ကူးစက်သေဆုံးမှုများမှာ သိပ်မစိုးရိမ်ရသေးပါဘူး။ ထိတွေ့မူကနေပဲ ကူးစက်ခဲ့တဲ့ အာဖရိကက Ebola ရောဂါတုန်းကလည်း တကမ္ဘာလုံးကို မကူးစက်ခဲ့ပါဘူး။ ဒါပေမဲ့ မျောက်ကျောက်ကလည်း ဗိုင်းရပ်စ်ပိုး ဖြစ်တာမို့ မျိုးရိုးဗီဇပြောင်းတာ (Mutation) အတွက် အမြဲစိုးရိမ်ရလေ့ရှိကာ၊ ဘယ်လောက် ပြင်းထန်တဲ့ ဗီဇမျိုးကွဲ ဖြစ်လာနိုင်တာကိုတော့ ဆက်စောင့်ကြည့်သွားရမှာမို့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် နိုင်ငံတိုင်းကို ဆက်စစ်ဆေးသွားဖို့ ကြိုသတိပေးထားတာပါ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီပေးလာခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်ပြီး တင်ပြလိုက်ပါတယ်။