ရေကြီးချိန် အရေပြားနဲ့ သတိပြုစရာ တခြားရောဂါများနဲ့ ကာကွယ်ရေး

  • ဝင်းမင်း

တောင်ငူမြို့အနီးရေကြီးရေလျှံမှုမြင်ကွင်း (စက်တင်ဘာ ၁၄၊ ၂၀၂၄

မြန်မာနိုင်ငံထဲမှာ မိုးကြီးရေကြီးမှုတွေ ပိုပြင်းထန်လာချိန်ေအရေပြားနဲ့ သတိပြုစရာ တခြားရောဂါအန္တရာယ်နဲ့ ကာကွယ်ရေး လုပ်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုသတိပေးပြောဆိုနေကြပါတယ်။

ရေကြီးတာကြောင့် အရင်ပြောခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေအပြင်၊ ခြင်ကနေ ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတွေကိုလည်း ပြန်ပေါ်လာနိုင်ပါတယ်။ အကြောင်းက ရေကြီးချိန် တချို့ဒေသတွေမှာ ရက်သတ္တပတ်ချီ ရေသေလို ဖြစ်သွားတာကနေ ခြင်ပေါက်ဖွားမှု ပြန်များကာ၊ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး (Chikungunya) အဓိက အဖြစ်များလာနိုင်တာပါ။ ဒီရောဂါတွေ ဖြစ်လာလျှင် ကြိုတင်သိဖို့ လက္ခဏာတွေကတော့ အရေပြား ယားယံတာ၊ နီရဲတာ၊ ဖျားတာတွေပါ။ ဒီကတဆင့် သွေလွန်တုပ်ကွေးမှာဆိုလျှင် အချိန်မီ မကုသနိုင်လျှင် အသက်ဆုံးရှုံးနိုင်တဲ့ သွေးလန့်တဲ့အဆင့်ထိ ရောက်သွားနိုင်တာကိုလည်း ကြိုသတိပြုကာကွယ်သင့်ပါတယ်။

ရေကြီးပြီး ရေပြန်ကျသွားချိန် မသန့်တာတွေ ကျန်ခဲ့တာကနေ ကူးစက်တဲ့ ဝဲရောဂါနဲ့ အပူပိုင်းဒေသမျိုးမှာ ဖြစ်နိုင်တဲ့ အပူဒဏ်တွေလည်း ရှိပါသေးတယ်။ ဝဲရောဂါက သာမန်အချိန်လည်း ဖြစ်တတ်ပေမဲ့၊ မိုးကြီးအပြီး ညစ်ပတ်စိုစွတ်နေချိန် ပိုအဖြစ်များသွားတာပါ။ အထူးသဖြင့် ကယ်ဆယ်ရေးစခန်းမျိုးမှာ လူအများနဲ့ စုနေရချိန် ဝဲပိုး (Mite) က ကူးစက်လွယ်သွားပါတယ်။ ဝဲကို ကုတ်မိတာကနေလည်း ပိုးဝင်တာ ဆက်ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလို အပူပိုင်းဒေသတွေမှာ အပူဒဏ် ပြန်ကြုံရနိုင်ပြီး၊ ဆက်စိုစွတ်နေချိန် အရေပြားမှာ မိတ်အပါအဝင် အပူလောင်တဲ့အနာ (Heat Rash) ကနေ၊ အပူရှပ် သတိလစ်တာ (အဖြစ်နည်းသော်လည်း) အထိ ဖြစ်လာနိုင်ပါသေးတယ်။ မိတ်တွေ ယားယံလို့ ကုတ်မိရာကလည်း ပိုးဝင်နိုင်ပါသေးတယ်။

ရေကြီးချိန်နဲ့ ရေကြီးအပြီး အခုလို ရောဂါတွေ ဖြစ်ရတာက မသန့်တဲ့ရေနဲ့ စိုစွတ်မှုကို တာရှည်ခံရတာကြောင့်မို့၊ ကာကွယ်ရေးအတွက် တကိုယ်ရည် သန့်ရှင်းမှု အဓိကလုပ်ရမှာပါ။ တကိုယ်ရည် သန့်ရှင်းရေးကို လူအများသိပေမဲ့၊ ပိုအလေးပေး လုပ်သင့်တာ ၂ ခုကတော့ ပုံမှန်ဆေးကြော သန့်ရှင်းပေးဖို့နဲ့ ညစ်ပတ်စိုစွတ်နေတဲ့ ဝတ်တွေကို ပုံမှန်ခြောက်သွေ့သန့်ရှင်းတဲ့ အဝတ်တွေနဲ့ အမြဲပြန်လဲပေးဖို့ပါ။ အကြောင်းက အခုလို တာရှည်ညစ်ပတ် စိုစွတ်နေတာကြောင့် အရေပြား ကိုယ်ခံအား ကျဆင်းသွားစေပြီး၊ အရေပြားနဲ့ တခြားရောဂါတွေဝင်ဖို့ လွယ်ကူသွားစေလို့ပါ။ ဥပမာ သင်္ကြန်ရေကို ရက်ချီဆက်တိုက်ထိပြီးချိန်မှာ အရေပြားယားနာတွေနဲ့ တခြားရောဂါတွေ ဝင်ဖို့ ပိုလွယ်ကူသွားတာမျိုးပါ။

ရေကြီးအပြီး မတော်တဆဖြစ်တတ်တဲ့ အနာမျိုးတွေအတွက်လည်း ဆေးကြိုလိမ်းတာ၊ မတော်တဆ မဖြစ်အောင် အဝတ်အစားဝတ်ပြီး ကာကွယ်နိုင်ပါသေးတယ်။ ရေကြီးအပြီး မတော်တဆ ထိရှတာ၊ ပွန်းပဲ့တာမျိုးကနေ ပိုးဝင်ပြီး ပိုဆိုးလာနိုင်တာကြောင့် ကာကွယ်ရေးအတွက် ရေနဲ့ ဆပ်ပြာသုံးကာ သန်ရှင်းအောင် ဆေးကြောပေးတာအပြင်၊ ပိုးသတ်ဆေးဖြစ်တဲ့ Betadine (ခေါ်) အိုင်အိုဒင်း ဆေးနီ (Povidone Iodine)၊ ဆေးဝါ အရည်တွေ ကြိုလူးပေးထားနိုင်ပါတယ်။ ဒါ့အပြင် ရေကြီးရေလျှံချိန် မတော်တဆ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ လည်ရှည်ဘိနပ်စီးတာ၊ မသန့်တဲ့ရေနဲ့ တာရှည်ဆက်အထိမခံရအောင် ရေစိုခံ အဝတ်ဝတ်တာ၊ လက်အိတ်သုံးတာတွေနဲ့လည်း ကာကွယ်နိုင်ပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်အောင် ကိုဝင်းမင်းက မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။