Your browser doesn’t support HTML5
ကိုဗစ် ရောဂါဖြစ်ပွားနေချိန်ကာလမှာ ဆီးချိုရှိထားသူတွေ ကိုဗစ်ဖြစ်တာကို ပိုမတွေ့ရပေမယ့်၊ ဖြစ်လာခဲ့လျှင်တော့ ပိုပြီးပြင်းထန်စွာခံရပြီး၊ သေဆုံးမှုတွေ ပိုရှိတာကို တွေ့နေရတာမို့ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့ လိုပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ ကိုယ်ခံအားကျလေ့ရှိတာမို့၊ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးတွေ အလွယ်ဝင်လွယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါမှာတော့၊ ဆီးချိုရှိသူတွေ ထူးထူးခြားခြား ပိုမဖြစ်တာကို၊ ကိုဗစ်ရောဂါ စဖြစ်ခဲ့တဲ့ တရုတ်၊ လက်ရှိ ကိုဗစ်အဖြစ်အများဆုံး အမေရိကန် နဲ့ တစုံတရာ ဖြစ်ပွားနှုန်းရှိနေတဲ့ ဗြိတိန်နိုင်ငံအပြင်၊ အစောပိုင်း အဖြစ်များ၊ အသေများခဲ့တဲ့ အီတလီနိုင်ငံတွေရဲ့ အခြေအနေကို လေ့လာထားတဲ့ အထောက်အထားစာတမ်းတွေမှာ တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဆီးချိုရှိထားသူမှာ ကိုဗစ် ဖြစ်လာခဲ့လျှင်တော့၊ ပိုပြင်းထန်တဲ့အဆင့်ကိုရောက်ပြီး၊ ပိုပြီးသေဆုံးတာကို တကမ္ဘာလုံးမှာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၁) အဖြစ်နည်းတဲ့ ငယ်စဉ်ထဲက သွေးချိုဓာတ်ထိန်းတဲ့ အင်ဆူလင် အထွက်နည်းတာကြောင့် ဖြစ်တာ) မှာရော၊ ဆီးချိုအမျိုးအစား (၂) အဖြစ်များပြီး အသက်ကြီးချိန် ဖြစ်လေ့ရှိတဲ့ အင်ဆူလင် အာနိသင်နည်းတာကြောင့် ဖြစ်တာ) မှာပါ၊ ကိုဗစ် ဖြစ်လာပြီးလျှင်တော့၊ ပိုပြင်းထန်ကာ၊ အထူးကြပ်မတ်ကုသဆောင် (ICU) ပိုရောက်ပြီး၊ သေဆုံးနှုန်း ပိုများလာနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူအားလုံးထဲက၊ အများစုဖြစ်တဲ့ (၉၂)% ဟာ ဆီးချိုအပါအဝင် အခံရောဂါတွေကြောင့် သေဆုံးရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တွေ့ရှိထုတ်ပြန်ထားပါတယ်။ တကယ်တော့ ဒီရောဂါအခံတွေထဲမှာ၊ ကိုဗစ်နဲ့သေဆုံးမူအများဆုံး (၄၃.၇)% က၊ သွေးတိုးနဲ့နှလုံးရောဂါ (နှလုံသွေးကြောကျဉ်းရောဂါ အပါအဝင်) တွေကြောင့် ဖြစ်ရပြီး၊ ဒုတိယအများဆုံး (၃၈.၃)% ကတော့ ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်ကာ၊ တတိယအဖြစ် (၃.၇)% ကသာ ကင်ဆာရောဂါအခံကြောင့်ပါ။ နိုင်ငံတကာမှာလည်း ကိုဗစ်ဖြစ်လာချိန် ဆီးချိုအခံကြောင့် သေဆုံးနှုန်းက၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အနည်းငယ်ကွာပေမယ့် အများအားဖြင့် (၃၀)% နဲ့ (၃၅)% ဝန်းကျင်မှာရှိနေပါတယ်။
ဒါပေမဲ့လဲ ဆီးချိုရှိတာသက်သက်နဲ့၊ ကိုဗစ်ဖြစ်လာလျှင် ပိုသေဆုံးနိုင်တာတော့ မဟုတ်ပါဘူး။ အဓိက ဆီးချိုသွေးချို မထိန်းထားနိုင်ဘဲ၊ ဆီးချိုသွေးချို တက်နေလွန်းသူတွေမှာသာ၊ ကိုဗစ်ရောဂါပိုး ဝင်လာချိန် သေဆုံးမူအဖြစ်များရတာပါ။ ဒါကြောင့် ဆီးချိုမတက်အောင် ထိန်းထားခြင်းဖြင့် ဒီကိုဗစ်ဝင်လာချိန်ဖြစ်တဲ့ သေဆုံးမူကနေ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အခုကိုဗစ်ကာလမှာ နောက်ထူးခြားလာတာတစ်ခုကတော့ ဆီးချိုရှိထားပြီးသူတွေမှာ ကောင်းကောင်းမထိန်းထားနိုင်ဘဲ၊ ပိုဆိုးလာနေတာ (အရင်သောက်ဆေးနဲ့ ထိန်းနိုင်သူတွေ အခုထိုးဆေး စသုံးဖို့လိုလာတာ၊ အရင်ထိုးဆေး သုံးနေရသူတွေလည်း ထိုးဖို့လိုတဲ့ ပမာဏမြင့်လာတာ) အပြင်၊ အရင်ဆီးချို မရှိသူတွေလည်း ဆီးချိုပိုဖြစ်လာနေတာ (ဆေးခန်းတွေမှာ အရင် နေ့စဉ် (၅)% ဝန်းကျင်ကနေ၊ အခု (၁၀)% ကနေ (၂၀)% အထိဖြစ်လာတာ) ကို တွေ့ရှိနေရတာပါ။ အကြောင်းက ကိုဗစ်ကာလအတွင်း ကန့်သတ်ပိတ်ဆို့မူတွေကြောင့် စိတ်ဖိစီးမူများတာအပြင်၊ ဖြေဖျောက်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားအားကစား လုပ်နိုင်တာ နည်းသွားတာနဲ့၊ တချိန်ထဲမှာ ဆီးချိုအတွက် အန္တရာယ်ရှိတဲ့ ဆေးတွေနဲ့ အစားအစာတွေ ပိုစားလာနေမိကြတာပါ။ ဒါကြောင့် အခုကာလမှာ ကိုဗစ် မဖြစ်ခင်ကတည်းက အသေအချာ ပြင်ဆင်ထားဖို့လိုပြီး၊ ဒီဆီးချိုသွေးချိုကို မတက်အောင် လုံးဝထိန်းထားနိုင်ဖို့ အထူးအရေးကြီးနေပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်အား ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
====Unicode====