ကိုဗစ်ကြောင့် တရုတ်မှာ သေဆုံးမှုများခဲ့အပြီး မြန်မာအတွက် အကြံပြုချက်

  • ဝင်းမင်း

ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့မှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ် (ဇန်နဝါရီ ၁၃၊ ၂၀၂၃)

ကိုဗစ်-19 လှိုင်းကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုများခဲ့ပေမဲ့၊ အမေရိကန်နိုင်ငံမှာတော့ ကိုဗစ်မျိုးကွဲသစ်တွေကြောင့် သေဆုံးမှုမများအောင်ကိုင်တွယ်နိုင်ချိန်မှာ မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာတွေ ရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်လှိုင်းလို မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေလည်း ကြုံနိုင်သေးတာမို့၊ လက်ရှိ တရုတ်နဲ့အမေရိကန်က အတွေ့အကြုံတွေက အသုံးဝင်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အမေရိကန်နိုင်ငံမှာလို ကိုဗစ် ကုသရာမှာသုံးတဲ့ Paxlovid လို သောက်ဆေးတွေ ရှိနေတာကြောင့်၊ ကိုဗစ်ဖြစ်လာလျှင် တရုတ်မှာလို ပြင်းထန်အသက်ထိခိုက်နိုင်တဲ့ သက်ကြီး (၆၅ နှစ်အထက်) နဲ့ ရောဂါအခံရှိသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုသောက်နိုင်ပါတယ်။ အကြောင်းက ကိုဗစ်ဖြစ်တဲ့ ရက်ကို (၂ ရက်ခန့်) လျှော့ချနိုင်တာအပြင်၊ တခြားသူတွေကို ကူးစက်နိုင်ခြေလည်း နည်းသွားစေကာ၊ စောစောကုခြင်းဖြင့် နောက်ဆက်တွဲအဖြစ် ရေရှည်ကိုဗစ်လက္ခဏာတွေ ကျန်ခဲ့တာ (Long Covid) ကနေလည်း လျှော့ချကာကွယ်ပေးနိုင်လို့ပါ။ ဒီအတွက် တနိုင်ငံလုံးမှာ လိုက်နာကျင့်သုံးသင့်တဲ လမ်းညွှန်ချက် (Guideline) ရှိလာလျှင် ပိုကောင်းပါတယ်။

ဒါအပြင် အမေရိကန်မှာ ကျင့်သုံးသလို အသက် ၆၅ နှစ်အောက် ရောဂါအခံ မရှိသူတွေမှာတော့ Paxlovid အပါအဝင် ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးတွေကို လွယ်လွယ်ကူကူ မပေးဖို့လည်း၊ ဒီလမ်းညွှန်ချက်မှာပဲ အတိအကျ ထည့်ထားသင့်ပါတယ်။ အကြောင်းက အခုအရွယ် မြန်မာကတချို့မှာလည်း ကိုဗစ်ကာကွယ်ဆေး (တရုတ်ကာကွယ်ဆေး Sinopharm၊ Sinovac အပြင်၊ တချို့မှာ ပိုအားကောင်းတဲ့ အိန္ဒိယထုတ် Oxford တက္ကသိုလ်အဆင့်မြင့်နည်းသုံး Covishield) ရထားတာမို့၊ ကိုဗစ်ဖြစ်လာလျှင် တခြားတုပ်ကွေးအတွက် ကုသလိုမျိုး ရေများများသောက် အဖျားကျဆေးသောက် အနားများများယူခြင့်းဖြင့် ရက်အနည်းငယ်အတွင်း (၃ ရက်ဝန်းကျင်မှာ) ပြန်ကောင်းလာနိုင်လို့ပါ။ မလိုအပ်သူတွေအတွက်တော့ ကိုဗစ်ဆေး မပေးခြင်းဖြင့်၊ ကိုဗစ်သောက်ဆေးတွေ တကယ်လိုအပ်သူတွေအတွက် မျှမျှတတ ရနိုင်စေနိုင်ကာ အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်မှာပါ။ အကယ်၍ တနိုင်လုံးကို လွှမ်းခြုံနိုင်တဲ့ ဒီလမ်းညွှန်ချက် မထွက်လာနိုင်သေးလျှင်လည်း မိမိတို့ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကိုယ်ပိုင်လမ်းညွှန်ချက်သဘော လတ်တလော ထုတ်ပြန်ကျင့်သုံးနိုင်ပါတယ်။

ဒါပေမဲ့လည်း တနိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ လမ်းညွှန်ချက် (Guideline) ထုတ်နိုင်လျှင်တော့ အမေရိကန်မှာလို ပိုထိရောက်နိုင်ပါတယ်။ ကိုဗစ်ဖြစ်လာလျှင် ပြင်းထန်အသက်အန္တရာယ်ရှိနိုင်တဲ့ ဒီသက်ကြီး (၆၅ နှစ်အထက်) နဲ့ ရောဂါအခံ ရှိတာသိထားပြီးသူတွေ ဘယ်လောက်အထိ ကိုဗစ်ကာကွယ်ဆေးနဲ့ အားဖြည့်ကာကွယ်ဆေးတွေ ထိုးထားပြီးတဲ့စာရင်း၊ မြန်မာကျန်းမာရေးဝန်ကြီးဌာနမှာ ရှိနိုင်တာမို့၊ မထိုးထားရသေးတဲ့ တရုတ်မှာလို သေဆုံးဖို့အန္တရာယ်ရှိသူတွေအတွက် ကိုဗစ်သောက်ဆေး ကြိုရနိုင်အောင် ပြင်ဆင်ကူညီပေးနိုင်ပါတယ်။ ဒီနေရာမှာ အခုလိုလိုအပ်သူထဲ ဆေးတွေ ဝယ်သောက်နိုင်သူက မြို့ကြီးတွေမှာ တချို့ရှိနိုင်သလို၊ နယ်မှာလည်း ငွေကြေးတတ်နိုင်ပြီး မှာယူနိုင်သူတချို့ ရှိနိုင်ပေမဲ့၊ ဒီလိုအခွင့်အလမ်း မရှိနိုင်သူတွေ နယ်တွေဘက် အများကြီးရှိနိုင်တာကိုပါ ထည့်တွက်ကူညီသင့်ပါတယ်။ အခုလိုအချက်တွေကို လမ်းညွှန်ချက် (Guideline) ထဲ ထည့်သွင်းထားခြင်းဖြင့်လည်း၊ တနေရာတမျိုး မဖြစ်စေဘဲ လိုအပ်သူ အားလုံးညီညီမျှမျှှ ဆေးရရှိစေကာ အသက်ဆုံးရှုံးမှုလျှော့ချစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

==== Unicode ====




