ဆင်တုပ်ကွေးရောဂါ

  • ဝင်းမင်း

Your browser doesn’t support HTML5

ဆင်တုပ်ကွေးရောဂါ

ဆင်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ မကြာခင်က အဖြစ်များလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဆင်တုပ်ကွေးရောဂါဟာ အာဖရိကတိုက်မှာ ၁၉၅၀ ခုနှစ်ဝန်းကျင်က စဖြစ်ခဲ့ပြီး၊ အဆစ်တွေကိုက် ကွေးကောက်သွားစေတာကြောင့် အာဖရိကဘာသာစကားနဲ့ Chikungunya လို့ အမည်ပေးခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်း အိန္ဒိယမှာလည်း အဖြစ်များလာကာ၊ မြန်မာပြည်မှာ ကြိုကြားကြိုကြား ဖြစ်လာခဲ့ရာက ဒီနှစ်မှာ ထူးထူးခြားခြား အဖြစ်များလာတာပါ။

ဒီရောဂါဖြစ်ရခြင်း အကြောင်းရင်းကတော့ ရောဂါရှိထားသူကို ခြင်ကိုက်ပြီး နောက်တစ်ဦးကို ထပ်ကိုက်ရာကနေ ကူးစက်ရတာပါ။ ဒီပိုးဟာ ရောဂါရှိသူသွေးထဲမှာ (၇) ရက်အထိ နေနိုင်ပြီး၊ တခြားသူတစ်ဦးကို ကိုက်အပြီးမှာလည်း (၄) ရက်မှ (၇) ရက်အတွင်း ရောဂါလက္ခဏာတွေ စဖြစ်လာစေပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကြားနဲ့ခြင်ပုန်းကြောင့် ဒီပိုးကူးစက်ရပြီး နေ့ဘက်မှာ အကိုက်များကာ၊ များသောအားဖြင့် မိသားစုထဲ အတူတူဖြစ်တတ်တာ တွေ့ရပါတယ်။

ဆင်တုပ်ကွေးရောဂါက မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ကပ်ရောဂါအသွင် ဖြစ်လာနေပြီး၊ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရပေမယ့် သွေးလွန်တုပ်ကွေးလိုမျိုး အသက်အန္တရာယ်အတွက် သိပ်မစိုးရိမ်ရပါဘူး။ သွေးလွန်တုပ်ကွေးလို သွေးယိုတာ၊ သွေးလန့်တာတွေ မရှိဘဲ၊ သေဆုံးမူနည်းပါတယ်။

ဒီရောဂါရဲ့ အဓိက လက္ခဏာတွေကတော့ အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ ပြင်းပြင်းထန်ထန် အဆစ်တွေကိုက်တာ ရောင်တာ၊ အရေပြားမှာ အနီပြင် (တခါတရံ အနီစက်) နဲ့ အပိန့်ထွက်တာ၊ မျက်နှာနီရဲနေသလို ဖြစ်တာတွေပါ။ ဒီရောဂါဖြစ်လာပြီး (၃) ရက် (၄) ရက်ကြာလျှင် အလိုအလျှောက် အဖျားကျသွားပေမယ့် ကိုက်တာ ခဲတာနဲ့ အန်တာတွေ ဆက်ဖြစ်နေတတ်ပါတယ်။ အသက်ကြီးတာနဲ့အမျှ အဆစ်ကိုက်တာ၊ ရောင်တာပိုဖြစ်တတ်ပြီး၊ ကြာလည်းကြာတတ်ပါတယ်။ ဒါပေမဲ့ ကလေးတွေမှာတော့ အဆစ်ကြာကြာကိုက်တာ၊ ရောင်တာ မတွေ့ရသေးပါဘူး။

ရောဂါဆုံးဖြတ်နိုင်ဖို့အတွက်က အထက်ပါရောဂါလက္ခဏာတွေအပြင်၊ ရောဂါပထမစဖြစ်တဲ့ရက်တွေမှာ နောက်ဆုံးပေါ်နည်းဖြစ်တဲ့ PCR သွေးစစ်ကြည့်ခြင်းဖြင့် ရောဂါဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ PCR စစ်ဆေးနည်းကို အမျိုးသားကျန်းမာရေး
ဓာတ်ခွဲခန်းမှာပဲ လက်ရှိ စစ်ဆေးနိုင်ပါသေးတယ်။ ဒီရောဂါဖြစ်ပြီး တစ်ပတ်ကျော်လာလျှင်တော့ သွေးထဲမှာ ပဋိဇီဝပစ္စည်းတွေကို ရှာကြည့်လို့ ရနိုင်ပါတယ်။

ကုသမူအတွက်ကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အတိအကျ ပိုးသတ်ဆေးမရှိပဲ၊ ဖြစ်လာတဲ့လက္ခဏာတွေ သက်သာလာအောင် အကိုက်အခဲပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေသာ ပေးလေ့ရှိပါတယ်။ ဒီရောဂါကို ကိုယ်ခံအားနဲ့ အဓိက ပြန်ကုရတာဖြစ်ပြီး၊ အနားပေးတာ၊ ကျေညက်လွယ်တဲ့အစာ စားတာ၊ အစားအသောက် မဝင်တဲ့အထိ ဖြစ်လာလျှင် အကြောဆေးသွင်းပေးတာတွေ လုပ်လေ့ရှိပါတယ်။

ဆင်တုပ်ကွေးရေဂါ ကာကွယ်နိုင်ဖို့အတွက် အဓိကအားဖြင့် ခြင်အကိုက်မခံရအောင် ခြင်ပိုးလောက်လန်း နှိမ်နင်းရေးလုပ်တာအပြင် (သွေးလွန်တုပ်ကွေး ခြင်နှိမ်နင်းရေးနဲ့တူ)၊ ခြင်ဆေးကိုယ်ပေါ်ဖြန်းတာ၊ အကျီၤလက်ရှည် ဘောင်းဘီရှည်ဝတ်တာ၊ ခြင်ထောင်နဲ့ အိပ်တာ၊ ခြင်လုံစကာတပ်တာတွေ လုပ်ပေးနိုင်ပါတယ်။ ဆင်တုပ်ကွေးအတွက် ကာကွယ်ဆေးတော့ မရှိသေးပါဘူး။ ခြင်ပိုးလောက်လန်း နှိမ်နင်းနည်းတွေကတော့ ဖုံး (ရေကြည်ရေသန့် သိုလှောင်တဲ့ အိုးတွေ ဖုန်းထားတာ)၊ သွန် (ရေစည်အိုး၊ ညောင်ရေအိုးတို့ကို သုံးရက်တကြိမ် သွန်ပေးတာ)၊ လဲ ( ပိုးလောက်လန်းရှိတဲ့ ညောင်ရေအိုးတွေက ရေလဲပေးတာ)၊ စစ် (ပိုးလောက်လန်းရှိရင် ရေစစ်သုံး စစ်ထဲ့တာ)၊ လောင်း (ရေတင်နိုင်တဲ့နေရာမှာ ရေနံဆီ၊ အင်ဂျင်ဝိုင်လို ပိုးသတ်ဆေးလောင်းထားတာ)၊ ထောင် (ခြင်ထောင်နဲ့အိပ်တာ)၊ ခပ် (ရေစည်ထဲပိုးလောက်လန်းတွေ့ရင် ရေစစ်နဲ့ ခပ်ထုတ်ပစ်တာ) ဖွင့် (ခြင်မခိုနိုင်အောင် အလင်းရောက်ကောင်းအောင် ပြူတင်းပေါက်ဖွင့်ထားတာ)၊ မြုပ် (ရေတင်နိုင်တဲ့ တာယာစုတ်၊ နို့ဆီခွက်၊ အုံးမှုတ်ခွက်တွေကို မြုပ်ပစ်တာ၊ ရေအိုင်တွေဖို့ပေးတာ)၊ ရှင်း (အိမ်ထဲ ပရိဘောဂတွေကြား ခြင်ခိုနိုင်တဲ့ နေရာတွင်ရှင်းပစ်တာ) နဲ့ မှုတ် (ခြင်ဆေးဖြန်းမှုတ်တာ) တာတွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။