အရက်နဲ့ အရွယ်ရလာမှု ပြဿနာ

  • ဝင်းမင်း
အသက်အရွယ်ကြီးလာသူတွေမှာ ငယ်ရွယ်သူတွေလို မဟုတ်တော့ဘဲ၊ အရက်ရဲ့ ဆိုးကျိုးတွေ ပိုခံစားရတတ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

သက်ကြီးပိုင်းရောက်လာချိန် အခုလို အရက်ရဲ့ ဆိုးကျိုးတွေ ပိုခံစားရတာက ခန္ဓာကိုယ် ပြောင်းလဲမှုကြောင့် ရေဓာတ်နည်းလာပြီး၊ အရက်ကို ချေဖျက်နိုင်စွမ်း ကျလာတာ အဓိကပါ။ အသက်ကြီးလာချိန်မှာ ရေကို ထိန်းထားပေးတဲ့ ကြွက်သားတွေ အားနည်းသေးသိမ်လာပြီး၊ အဆီတွေ ပိုများလာတတ်တာကြောင့် သွေးထဲမှာ အရက်ပြင်းအားကို လျှော့ချပေးနိုင်မဲ့၊ ရေပမာဏ နည်းသွားလေ့ရှိပါတယ်။ ဒါကြောင့် ငယ်ရွယ်သန်မာစဉ်ကလို အရက်ပြင်းအားကို ဖျော့ပေးနိုင်တဲ့ ရေပမာဏမျိုး ခန္တာကိုယ်ထဲမှာ မရှိတော့ပါဘူး။ ဒါ့အပြင် အရက်ကို ချေဖျက်ဖို့ အသည်းက ထုတ်ပေးတဲ့ အင်ဇိုင်းပမာဏလဲ ကျဆင်းလာတာကြောင့်၊ ငယ်ရွယ်စဉ်တုန်းကလို အရက်ကို ချေဖျက်နိုင်စွမ်း မရှိတော့ဘဲ၊ အရက်ဒဏ် ပိုကြာကြာ ဆိုးဆိုးရွားရွား ခံရတော့တာပါ။

အထက်ပါ အဓိက အချက်နှစ်ချက်အပြင်၊ အသက်ကြီးလာချိန် အရက်ဆိုးကျိုး ပိုခံရနိုင်တဲ့ တခြားအကြောင်းရင်း အနည်းငယ်တော့ ရှိပါသေးတယ်။ ဒါတွေကတော့ အသက်ကြီးလာချိန်မှာ အရက်သောက်ပြီးလျှင် ဆီးပိုသွားတတ်တာကြောင့်လည်း ရေဓာတ် ခန္ဓာကိုယ်မှာ ပိုဆုံးရှုံးစေနိုင်တာနဲ့၊ ခံစားမှုအာရုံလည်း ကျဆင်းလာပြီး သောက်လို့ သောက်မှန်းမသိတော့ပဲ ပိုသောက်မိတတ်တာပါ။
အခုလို ရေဓာတ်နည်းလာတာအတွက် ရေပိုသောက်ပေးတာကြောင့် ရေတိုမှာ အရက်ပြင်းအား တစုံတရာ သက်သာစေနိုင်ပေမဲ့၊ အရက်ကို ချေဖျက်နိုင်စွမ်းကျလာချိန်မို့ ရေရှည်မှာတော့ ထူးထူးခြားခြား အထောက်အကူမပြုဘဲ ဒီ ဆိုးကျိုးတွေ ပိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် အသက်ရလာတာနဲ့အမျှ အမြင်နဲ့အကြား ခံစားမှုအာရုံနဲ့ မှတ်ဉာဏ်ကျလာသလို၊ မူးတာကိုသတိပြုမိတဲ့ ခံစားမှုအာရုံကလည်း လိုက်ကျလာကာ၊ အရက်ခံနိုင်ရည်ရလို့ မမူးသေးဘူး အထင်မှားပြီး၊ ပိုသောက်မိတတ်တာနဲ့၊ သက်ကြီးလာချိန် ကြွက်သားအားနဲ့ ဟန်ချက်တုံ့ပြန်မှုအာရုံပါ ကျလာတာကြောင့်လည်း မူးလဲ ဒဏ်ရာရတာ ပိုဖြစ်တတ်ပါတယ်။

အရက်ရဲ့ နောက်ဆုံး ဆိုးလွန်းတဲ့ အကျိုးဆက်ကတော့ မှတ်ဉာဏ်ထိခိုက်ပြီး၊ မှတ်ဉာဏ်ကျ (သို့) သူငယ်ပြန်ရောဂါ (Dementia) ဖြစ်လာစေတာပါ။ အကြောင်းကတော့ အရက်ကြောင့် အာရုံကြောတွေ တဖြည်းဖြည်း ထိခိုက်အားနည်းလာတာကနေ နောက်ဆုံး ဦးနှောက် အလုပ်မလုပ်နိုင်တော့တဲ့ ရောဂါဆိုးကြီး (Brain Failure) မျိုးကို ခံစားရတော့တာပါ။ အခုလို အရက်ကြောင့်ဖြစ်ရတဲ့ Dementia ရောဂါကို အမေရိကန်မှာ သုတေသန လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

Dementia ရောဂါ စဖြစ်လာသူတွေမှာတောင် အရက်သောက်တာကို ရပ်လိုက်တာနဲ့ အလိုလို မှတ်ဉာဏ် ဆက်ပြီးပိုမဆိုးတော့တာကိုလည်း နောက်ဆုံးတွေ့ရှိထားပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာသူတွေမှာ အရက်ကို ဖြတ်ဖို့က ဘယ်တော့မှ အချိန်မနှောင်းပါဘူး။ အကယ်၍ အရက်ကို မဖြတ်နိုင်လျှင်လည်း အတတ်နိုင်ဆုံး လျှော့သောက်သင့်ပါတယ်။ ကုသဆေးမရှိသေးတဲ့ ဒီ Dementia ရောဂါကြီးက နှစ်ဆယ်ချီ မိမိ ဘာလုပ်ရမှန်းမသိ၊ တုန်လှုပ်ခံစား နေမပျှော်ရတာအပြင်၊ မိသားစုတစ်ခုလုံးလည်း ဘေးကနေ အမြဲစောင့်ကြည့်ဝိုင်းကူပေးရတာမို့ ဝန်ထုတ်ဝန်ပိုး ကြီးလွန်းပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။