ဒေါသပေါက်ကွဲမှုအပါအဝင် စိတ်ဖိစီးမှု အပြုအမှုများ

  • ဝင်းမင်း

Teen Girls Mental Health

မြန်မာနိုင်ငံမှာ လက်ရှိ ပိုဖြစ်လာနေတဲ့ စိတ်ဖိစီးမှုရဲ့ အပြုအမှုတွေကို သိထားပြီး၊ ဒေါသပေါက်ကွဲမှု အဆင့်မရောက်အောင်လည်း ကာကွယ်ဖို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုနေပါတယ်။

စိတ်ဖိစီးမှုကြောင့် ပုံမှန်အပြုအမူတွေ အမှတ်တမဲ့ ပြောင်းသွားပြီး၊ ပြဿနာရှိတဲ့ အပြုအမှုတွေ (Behavior Problems) ဖြစ်လာတတ်ပါတယ်။ ဒီအပြုအမှု ပြဿနာတွေထဲ အိပ်စက်၊ စားသောက်မှုကနေ အိမ်တွင်းဆက်ဆံရေး ပြဿနာတွေအထိ ပါဝင်ပါတယ်။ ဥပမာ ဇနီးခင်ပွန်းအပေါ် စိတ်တိုလွယ်တာ (Snappy)၊ ဒေါသပေါက်ကွဲ ကြမ်းတမ်းလာတာ၊ အိပ်ချိန်မမှန်တာ၊ အများကြီးပိုစားလာတာ (သို့မဟုတ်) အရင်လိုမစားတော့တာ၊ လူငယ်ရော လူကြီးတချို့ပါ အရက် သောက် (ဝါ) ပိုသောက်လာတာ၊ မူးယစ်ဆေးသုံးလာတာ၊ လောင်းကစားလုပ်လာတာ စတာတွေ ဖြစ်လာတာပါ။

ဒီအပြုအမှုတွေထဲ အသက်အန္တရာယ်ရှိပြီး အလုပ်နဲ့အိမ်ထောင်ရေးပါ ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ဒေါသပေါက်ကွဲမှုကို နားလည်ထိန်းကြောင်းနိုင်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ ဒေါသကလည်း စိတ်ဖိစီးမှု (Stress) လိုပဲ လူတိုင်းမှာ ကြုံရလေ့ရှိပြီး၊ ဒေါသထွက်လိုက်မှ ပြေသွားနိုင်တဲ့ ပုံမှန်စိတ်လှုပ်ရှားမှုမျိုးဖြစ်ပေမဲ့၊ ဒေါသ တအားများသွားပြီး ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲတဲ့အဆင့်ရောက်တာ၊ ခဏခဏ ဒေါသထွက်တာမျိုးကတော့ မကောင်းပါဘူး။ ဒါကြောင့် ဒေါသကို အလယ်အလတ်လမ်းစဉ် (မဇ္စျိမပဋိပဒါ) သဘောမျိုး ထိန်းထားနိုင်ဖို့က အရေးကြီးပါတယ်။

အခုလို ဒေါသကို ထိန်းနိုင်ဖို့ ဒေါသ သဘောသဘာဝကို နားလည်ထားသင့်ပါတယ်။ ဒေါသ ၃ မျိုးရှိပြီး ဖြစ်ရတဲ့အကြောင်းရင်းလည်း ၃ ခု ရှိပါတယ်။ ဒေါသ ၃ မျိုးကတော့ Outward Anger လို့ခေါ်တဲ့ အပြင်ကိုထွက်လာတဲ့ ဒေါသ (ဥပမာ - အော်တာ၊ ဆဲတာ၊ မပြောသင့်တာပြောလိုက်တာ၊ တချို့ လက်ပါလာတာစတဲ့ Aggression ကြမ်းတမ်းလာမှု)၊ Inward Anger လို့ခေါ်တဲ့ အတွင်းမှာကြိတ်မှိတ်ထားတဲ့ ဒေါသ (ဥပမာ Self Harm လို့ခေါ်တဲ့ အရင်သဘောကျတာတွေ မလုပ်တော့ဘဲ ကိုယ့်ကိုယ်ကို ပြန်ဒုက္ခပေးထားတာမျိုး) နဲ့ နောက် Passive Anger (or) Aggression ခေါ် ငြိမ်ပြီး သွယ်ဝိုက်တုံ့ပြန်တဲ့ ဒေါသ (ဥပမာ ပြန်မပြော နားမထောင်တာ၊ ဘယ်သူနဲ့မှ မဆက်ဆံတာ၊ တချို.က ရွဲ့ပြီး ပြန်ပြောတာ စတာ) တွေပါ။

ဒေါသပေါက်ကွဲရခြင်း အကြောင်းရင်း (၃) ခုမှာ ဒီ စိတ်ဖိစီးတာကြောင့်အပြင်၊ တခြားအကြောင်းရင်း ၂ ခု လည်း ရှိပါသေးတယ်။ တစ်ခုကတော့ ကြီးပြင်းလာတဲ့ သဘာဝ (Upbringing) ဖြစ်ပြီး၊ ကြမ်းတမ်းမှုတွေကြား ကြီးပြင်းလာရသူ (ဥပမာ အဖေ၊ အမေ အရက်သောက်ပြီး လမ်းမှာ ဆိုးမိုက်နေခဲ့တာ၊ ဒေါသပေါက်ကွဲ ကြမ်းတမ်းလေ့ရှိတာ) ဖြစ်လျှင် ဒေါသပေါက်ကွဲတာကို ပုံမှန်လို့ ခံယူသွားတတ်ပါတယ်။ နောက်တစ်ခုကလည်း ဘဝ အခက်အခဲဒဏ်နဲ့ မတရားအနိုင်ကျင့် (Bully) လုပ်ခံရမူဒဏ်တွေပါ။ ဥပမာ ထိန်းသိမ်းခံရစဉ်နဲ့ ထောင်တွင်းမှာ မတရား နှိပ်စက်ခံခဲ့ရတာကို တန်ပြန်လုပ်ဖို့ မဖြစ်နိုင်တာအတွက်၊ အိမ်တွင်း (ဝါ) အလုပ်တွင်းမှာ သတိမထားလိုက်မိဘဲ ဒေါသပေါက်ကွဲမှုနဲ့ ပြန်တုံ့ပြန်မိသွားတာပါ။

ဒေါသပေါက်ကွဲမှုအပါအဝင် စိတ်ဖိစီးမှုလက္ခဏာတွေ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း (Stress Management) ဆင်တူပေမဲ့၊ ဒေါသပေါက်ကွဲမှုအဆင့် မရောက်အောင် ထိန်းနိုင်ဖို့ကတော့ ပထမ အရေးကြီးပါတယ်။ ဒေါသပေါက်ကွဲမှု ဖြစ်လိုက်တာနဲ့ သတိလေး အရင်ချပ်ပြီး ဒေါသကို ခဏလေးရပ် ပြန် စဉ်းစားချိန်ယူဖို့ပါ။ ဒီအတွက် ဒေါသပေါက်ကွဲ အသက်ရှုမြန်လာချိန်မှာ အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှု၊ သတိမှု ကြည့်ဖို့လိုပါတယ်။ ပြီးလျှင် ဒေါသပေါက်ကွဲတဲ့နေရာကနေ ပြောင်းလိုက်သင့်တာမှာ တခြားအခန်းသွားလိုက်တာ၊ အပြင်ကိုထွက်သွားလိုက်တာ (Walk Out) စတာမျိုးတွေ လုပ်သင့်ပါတယ်။ အခုလို ဒေါသပေါက်ကွဲတာကို ပြန်ထိန်းနိုင်ပြီးလျှင်တော့ ပြဿနာဆက်မကြီးတော့ဘဲ၊ ကျန်တာတွေက ဆက်ဖြေရှင်းလို့ရလေ့ ရှိပါတယ်။

ဒီအကြောင်း ပိုမိုနားလည်သိရှိနိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။