ဆောင်းတွင်းကာလ အရေပြား ပြဿနာများ

  • ဝင်းမင်း

Your browser doesn’t support HTML5

ဆောင်းတွင်းကာလ အရေပြား ပြဿနာများ

ဆောင်းတွင်းကာလမှာ အသားအရေတွေ ခြောက်လာပြီး ယားယံ၊ အသားပတ်ကာ၊ နှုတ်ခမ်းကွဲ၊ ဖနောင့်ကွဲ၊ လက်ကွဲတာတွေ အဖြစ်များတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။ ဆောင်းတွင်းမှာ အခုလို အရေပြားပြဿနာတွေ ဖြစ်ရခြင်းမှာအပူချိန်လျော့ကျလာပြီး၊ လေထုစိုထိုင်းစ အရမ်းကျဆင်းလာကာ၊ လေထုကနေ လူ့အရေပြားမှာရှိတဲ့ စိုထိုင်းစကို စုပ်ယူလိုက်တာကြောင့် အရေပြားဆဲလ်တွေကို ချိတ်ဆက်ထိန်းသိမ်းပေးထားတဲ့ အရေပြားစိုထိုင်းမှု ကျဆင်းပြီး ခြောက်သွေ့ကွဲအက် ပျက်စီးကာ ပြင်ပကဝင်လာတဲ့ ပိုးမွှားတွေကို အရေပြားက မကာကွယ်နိုင်တော့လို့ပါ။

အခုလို အရေပြားပြဿနာတွေ မဖြစ်ရအောင် အရေပြားစိုထိုင်းမှုကို ပြန်ဖြည့်တင်းပေးတဲ့ အရေပြားအဆီလူးတာနဲ့ အရေပြားစိုထိုင်းမှုလျော့ကျတာနည်းစေတဲ့နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ အရေပြားစိုထိုင်းမှုကို ပြန်ဖြည့်တင်းပေးနိုင်တဲ့ ရေစိုဓာတ်ထိန်း အဆီတွေ (Moisturizing Lotion, Cream, Ointment) လိမ်းပေးသင့်ပါတယ်။ ဒါပေမဲ့ လူများစု နေ့စဉ်လိမ်းတဲ့ အရောင်အနံ့ပါတဲ့ အလှကုန် အရေအပြားအဆီ (Cream, Lotion) မျိုးမဟုတ်ဘဲ၊ အရေပြားကျန်းမာရေးအတွက် သီးသန့်ထုတ်ထားတဲ့ အရောင်အနံ မပါတဲ့ အဆီမျိုးကိုသာ လိမ်းသင့်ပါတယ်။ အကြောင်းက ဆောင်းတွင်းမှာ ခြောက်ပြီးကွဲအက်လာတဲ့ အရေးပြားကတဆင့် အရောင်နဲ့အနံ့မှာပါတဲ့ ဓာတုပစ္စည်းတွေ အရေပြားအောက်၊ ခန္ဓာကိုယ်ထဲ ဝင်သွားပြီး ဓာတ်မတဲ့တဲ့ ပြဿနာ (Allergy) နောက်ဆက်တွဲဖြစ်ကာ ပိုဆိုးလာနိုင်လို့ပါ။

တချိန်ထဲမှာ ရှိထားပြီးသား အရေပြားစိုထိုင်းစလျော့တာ နည်းစေရန်အတွက် အရေပြားကို ပိုခြောက်စေတဲ့ ရေနွေး၊ ရေပူနဲ့ ချိုးတာ၊ စိမ်ချိုးတာမျိုး မလုပ်ဘဲ၊ အေးတဲ့အချိန် ပုံမှန်ရေ (သို့မဟုတ်) အနည်းငယ်သာနွေးတဲ့ရေကို မြန်မြန်ချိုးသင့်ပါတယ်။ ဒါ့အပြင် ဆပ်ပြာသုံးရာမှာလည်း အဆီများပြီး အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့ကိုသာ သုံးသင့်ပါတယ်။ နွေရာသီမှာလို အပြင်းစား ဆပ်ပြာတွေကို မသုံးသင့်ပါ။ မျက်နှာသစ်ဆေး (Facial Foam) အတွက်လည်း အားပျော့ပြီး အမြုပ်များများထွက်တဲ့ အမျိုးအစားကို သုံးသင့်ပါတယ်။ မျက်နှာသန့်စင်ဆေး (Toner) ကို ပူပြီး၊ စိုထိုင်းစများတဲ့ နွေရာသီကာလ ချွေးထွက်များ အဆီပြန်ချိန်မှာ သုံးသင့်ပေမယ့်၊ ဆောင်းရာသီကာလ အရေပြားစိုထိုင်းမှုနည်းပြီး ခြောက်လာချိန်မှာ မသုံးသင့်ပါဘူး။

ပြုစုကုသရာမှာလည်း နှုတ်ခမ်းကွဲတာအတွက် အဆီတစ်ခုခု (သို့မဟုတ်) အဆီပါပြီး အရောင်မပါတဲ့ နှုတ်ခမ်းလူးဆေး (Lip Balm) ကို သုံးခြင်းအားဖြင့် နှုတ်ခမ်းအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် နေပူလွန်းတာကို ရှောင်ကျဉ်ပေးသင့်ပါတယ်။ အထူးသတိပြုရမှာက နှုတ်ခမ်းခြောက်လာတာကို လျှာနဲ့လျှက်တာ မလုပ်သင့်ပါဘူး။ အကြောင်းက လျှာကထွက်တဲ့ တံတွေ့းမှာပါတဲ့ အစာချေအင်ဇိုင်းဓာတ်တွေကြောင့် နှုတ်ခမ်းကို ပိုခြောက်သွားစေလို့ပါ။ ဖနောင့်ကွဲတာအတွက် ဗက်ဆီလင်း (Vaseline) လိုမျိုး အဆီပျစ်ပျစ် အရေပြားလူးဆေးကို ထူထူလူးပြီး၊ ပလပ်စတစ်အုပ်၊ ခြေအိပ်စွပ်ကာ နာရီတော်တော်ကြာ (ဖြစ်နိုင်လျှင် အိပ်ချိန်တလျှောက်) နူးအောင်ထိန်းပေးထားသင့်ပါတယ်။ အသုံးများပြီး၊ ရေခဏခဏဆေးရတာကြောင့် လက်တွေခြောက်ပြီး ကွဲတာအတွက်လည်း ဂရစ်စလင်း (Glycerin) ပါတဲ့ အဆီ (Cream) ကို လူးသင့်ပါတယ်။ မျက်နှာအတွက်လည်း ရေစိုဓာတ်ထိန်း အဆီ (Moisturizing Cream) ပျစ်ပျစ်လူးပေးနိုင်ပါတယ်။ ဒီလူးဆေးတွေကို ရေချိုးပြီးချိန်မှာ လူးပေးသင့်ပါတယ်။

ဒီအရေပြားရောဂါဆိုင်ရာအကြောင်း ကိုဝင်းမင်း က ပိုမိုသိရှိနားလည်နိုင်ဖို့ အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။