Your browser doesn’t support HTML5
အခုနှစ်သစ်၂၀၁၈ ခုနှစ်မှာ နှစ်သစ်ကူးဆုတောင်းအတိုင်း ကျန်းမာပျှော်ရွင်စွာ နေနိုင်ဖို့ ဘယ်လို နေထိုင်စားသောက်သင့်တယ်ဆိုတာကို သန္နိဋ္ဌာန် ချမှတ်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။
အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကနေ ချမှတ်သင့်တဲ့ နှစ်သစ်ကူး ကျန်းမာရေး အဓိဌာန် (၆) ချက်ကို အကြံပြုထားပါတယ်။
(၁) ပုံမှန်ဆေးစစ်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးဖို့ပါ။ ဒါမှသာ ရောဂါတွေကို မဖြစ်ခင် (သို့မဟုတ်) စဖြစ်လာချိန်တွေမှာ ကြိုတင်သိရှိနိုင်ပြီး မဖြစ်အောင် ကာကွယ်တာနဲ့ ရောဂါနုစဉ်မှာ လွယ်လွယ်ကူကူ ပျောက်ကင်းအောင် ကုသနိုင်မှာဖြစ်ပါတယ်။
အခုလို ဆေးမစစ်ဖြစ်လျှင် ကြိုမသိတာကြောင့် နောက်ကျ ရောဂါဆိုးမှ သိရလျှင်တော့ ကုသရခက်ပြီး အသက်အန္တရာယ် ကြုံနိုင်ပါတယ်။ ဥပမာ သွေးတိုးရှိတာ ကြိုတင်စစ်ဆေးတွေ့ရှိခြင်းအားဖြင့် ဆေးနဲ့ထိန်းပြီး သက်တမ်းစေ့ နေနိုင်ပေမဲ့၊ နောက်ကျမှသိရင်တော့ လေဖြတ်တဲ့အဆင့်ရောက်ပြီး ကုရခက်၊ အသက်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် သွေး၊ ဝမ်း၊ ဆီးတို့ကို ဆေးစစ်ကြည့်တာအပြင် သွား၊ မျက်စိ၊ လည်ပင်းတွေကို စစ်ဆေးတာ၊ ကိုယ်ကို ဓာတ်မှန်ရိုက်တာတွေ စပြီး ပုံမှန်လုပ်ဖို့ သန္နိဋ္ဌာန် ချသင့်ပါတယ်။
(၂) ပုံမှန် မကြာခဏ လက်ဆေးဖို့ပါ။ အများစုက အစာမစားခင်နဲ့ အိမ်သာတက်ပြီးချိန်တွေမှာပဲ သန့်စင်ဆေးကြောလေ့ရှိတာမို့ အဲ့ဒါတွေအပြင် အများသုံး ပြင်ပအရာတွေကို ကိုယ်တွယ်ထိတွေ့ ပြီးချိန်တွေမှာလည်း လက်ကို ရေ၊ဆပ်ပြာနဲ့ အသေအချာ ဆေးဖို့ လိုပါတယ်။ ဒါမှသာ တုတ်ကွေးရောဂါအပါအဝင် ကူးစက်ရောဂါမျိုးစုံကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဆပ်ပြာအလွယ်တကူ မရနိုင်တဲ့ အနေအထား (ဥပမာ - ခရီးသွားချိန်) မှာလည်း အရက်ပျံပါတဲ့ လက်ပိုးသတ်ဆေး တစ်ရှုးထုတ်နဲ့ ဗူးတွေကို အိပ်ထဲဆောင်ပြီး အမြဲ လက်ကို သုတ်သင်ပေးသင့်ပါတယ်။
(၃) ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီး မညီညွတ်တာတွေကို ဆင်ခြင်ဖို့ပါ။ မြန်မာနိုင်ငံမှာ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးလို ကာဗိုဟိုက်ဒရိတ် (ကဆီဓာတ်) ပါတာတွေနဲ့ အဆီ၊ အငံ၊ အချိုတွေစားတာများတာမို့ ဒါတွေကို လျော့စားပေးပြီး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါး (အသားထက်ပိုစားသင့်)၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ဥ (ကြက်ဥ)၊ နွားနို့ စတာတွေကို ပိုစားပေးဖို့ သန္နိဋ္ဌာန် ချသင့်ပါတယ်။
(၄) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးနဲ့ ကွမ်းစားတာတွေကို လျော့ချ၊ ရှောင်ကျဉ်နိုင်ဖို့ နှစ်သစ်ကူး ဆုံးဖြတ်ချက် ချမှတ်သင့်ပါတယ်။
(၅) အစားအသောက်အပြင် သွားလာလှုပ်ရှားပုံလည်း ပိုမိုလှုပ်ရှားတက်ကြွဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ချွေးထွက်မောပန်းသည်အထိ လှုပ်ရှားမှု (လမ်းအမြန်လျှောက်တာအပါအဝင်) နာရီဝက် မိနစ် (၃၀) နဲ့ တပတ်ကို (၅) ရက် လုပ်ပေးသင့်ပါတယ်။ ကားနဲ့သွားတာများပြီး လှုပ်ရှားမှုနည်းသူတွေအနေနဲ့ ကားကို ခပ်လှမ်းလှမ်းမှာရပ်ပြီး အိမ်ကိုလမ်းလျှောက်သွားတာမျိုး လုပ်ပေးသင့်ပါတယ်။ ဓာတ်လှေခါး အမြဲသုံးမည့်အစား လှေခါးထစ်တက်တာမျိုး လုပ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ခုလို လှုပ်ရှားမှု နည်းတာကြောင့် ရောဂါအများစုဖြစ်နေရပြီး လှုပ်ရှားမှုပိုမိုလုပ်ပေးခြင်းဖြင့် အဖြစ်များနေတဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေကို လျော့ပါးစေကာ နှလုံးနဲ့ကြွက်သားတွေ ခိုင်မာအားကောင်းလာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှု ပုံမှန်တက်တက်ကြွကြွလုပ်ဖို့ သန္နိဋ္ဌာန် ချသင့်ပါတယ်။
(၆) နောက်ဆုံးအချက်အနေနဲ့တော့ အိပ်ရေးဝအောင် အိပ်ပြီး အနားယူဖို့ပါ။ အနည်းဆုံး တစ်နေ့ကို (၆) နာရီအိပ်ဖို့လိုပါတယ်။ အိပ်ရေးပျက်တာနဲ့ ဆက်စပ်တဲ့ရောဂါတွေ မဖြစ်ရအောင် ညဖက်အလုပ်လုပ်ရသူတွေလည်း နေ့ခင်းပိုင်းမှလည်း ပြန်ဖြည့်အိပ်ပေးသင့်ပါတယ်။
ဒီအကြောင်း အသေးစိတ်သိရှိဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။