ကာလသားရောဂါ (ခေါ်) ဆီးပူညောင်းကျရောဂါ

  • ဝင်းမင်း


မြန်မာနိုင်ငံမှာ ဆီးပူညောင်းကျရောဂါ နေ့စဉ် ဖြစ်ပွားနေပြီး၊ အမျိုးသမီးတွေမှာပါ ဖြစ်လာတာကို သတိမပြုမိရင် ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

Neisseria Gonorrhaeae ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ဂနိုရောဂါလို့လဲခေါ်တဲ့ ဒီရောဂါက အဓိက လိင်ဆက်ဆံရာမှ တဆင့်ကူးစက်တာပါ။ ဒါပေမဲ့ တိုက်ရိုက် လိင်အင်္ဂါချင်း ထိတွေ့တာမဟုတ်တဲ့ တခြားနည်းတွေနဲ့လည်း ကူးစက်နိုင်ရာမှာ ပါးစပ်၊ လက်နဲ့ စအိုနဲ့ ဆက်ဆံတာတွေအပြင်၊ အနှိပ်ခန်းတွေမှာ ရောဂါရှိသူရဲ့ သုတ်ရည် အနှိပ်သည်လက်နဲ့ထိတွေ့ပြီး နောက်တစ်ယောက်ကို ထပ်ကူးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူရဲ့ ဘောင်းဘီမှာ သုတ်ရေကျန်နေပြီး နောက်တစ်ဦးက ဒီဘောင်းဘီဝတ်မိတဲ့အခါ လိင်အင်္ဂါအပေါ် ထိသွားလျှင်လည်း ကူးစက်စေနိုင်ပါတယ်။

အဓိက ကာကွယ်နိုင်ဖို့ မိမိအိမ်ထောင်ဖက်အပြင် တခြားသူတွေနဲ့ လိင်မဆက်ဆံတာ၊ တခြားလူတွေနဲ့ လိင်ဆက်ဆံမိရင်လဲ လိင်တံအစွပ်ကို လိင်ဆက်ဆံချိန် တချိန်လုံး အသုံးပြုတာတွေ လုပ်ပေးသင့်ပါတယ်။ လိင်ဆက်ဆံမှု အစပိုင်းကတည်းက မသုံးဘဲ သုတ်ရည်ထွက်ကာနီး နောက်ဆုံးမှ Condom လို့လဲခေါ်တဲ့ ဒီ လိင်တံအစွပ်သုံးတာနဲ့၊ တခြား ပါးစပ်၊ လက်တို့နဲ့ ဆက်ဆံချိန် မသုံးဘဲ၊ နောက်ဆုံး လိင်အင်္ဂါချင်းဆက်ဆံချိန်မှ သုံးတာမျိုးဆိုရင် ကူးစက်ပြီးသားဖြစ်သွားနိုင်တာမို့ အဲဒီလို မပြုမှုသင့်ပါ။

ဒီရောဂါဖြစ်လာတာကို ကြိုတင်သိရှိနိုင်တဲ့ လက္ခဏာတွေကတော့ ဆီးပူတာ၊ နာကျင်တာ၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာ နာကျင်ကိုက်ခဲတာနဲ့ သွေးကျတာတွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဒီလက္ခဏာတွေပေါ်ပေမယ့် အမျိုးသမီးတွေမှာ သိသိသာသာမပေါ်ဘဲ ဖြစ်တတ်တာကို အထူးသတိပြုသင့်ပါတယ်။

အဲဒီလို လက္ခဏာမျိုးတွေ ပြလာခဲ့လျှင် ဆေးထိုးဆေးသောက်တဲ့နည်းတွေနဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။ အမျိုးသမီးတွေမှာ လက္ခဏာမပေါ်ဘဲ ရောဂါဖြစ်နေတတ်တာမို့ ရောဂါရှိသူနဲ့ လိင်ဆက်ဆံသူ အမျိုးသမီးတွေကိုပါ တပါတည်း ဆေးကုပေးဖို့လိုပါတယ်။ ဆေးကုချိန်မှာလဲ အချိန်တစ်ပတ် မကြာခင် လိင်ပြန်မဆက်ဆံဘဲ၊ တစ်ပတ်ကျော်မှသာ ပြန်ဆက်ဆံသင့်ပါတယ်။ ဒီကြားထဲ ပြန်ကူးစက်နိုင်လို့ပါ။ ဒါ့အပြင် ဆေးကုသပြီးချိန်မှာ လိင်ကတဆင့်ကူးတဲ့ တခြားရောဂါတွေဖြစ်တဲ့ ကိုယ်ခံအားကျရောဂါ (HIV/AIDS) နဲ့ ဆစ်ပလစ် (Syphilis) ရောဂါပိုးပါ ကူးစက်ထားမှုရှိမရှိ သွေးစစ်ကြည့်သင့်ပါတယ်။

တကယ်လို့ အချိန်မီ ဆေးမကုသနိုင်ခဲ့လျှင် အမျိုးသားမှာရော အမျိုးသမီးမှာပါ နောက်ဆက်တွဲ ဆိုးကြိုးကြီးတွေကြုံနိုင်ပါတယ်။ အမျိုးသမီးတွေမှာ မကုသဖြစ်ရင် ဆီးစပ်နာကျင်ကိုက်ခဲကာ သားအိမ်ယောင်ယောင်ပြီး မြုံသွားကာ ကလေးမရတော့တာ၊ ကလေး သားအိမ်ပြင်ပမှာ သန္ဓေတည်တာတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေမှာလဲ မကုသဘဲထားရင် ကပ္ပယ်အိပ်ယောင်ပြီး သုတ်မထုတ်နိုင်ဘဲ မြုံသွားကာ ကလေးမရနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားရော အမျိုးသမီးမှာပါ ဒီရောဂါပိုးသွေးထဲပျံ့နံှ့သွားပြီး အဆစ်အမြစ်ယောင်တာ၊ နှလုံးအမြှေးယောင်တာ၊ ကျောက်ကပ် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းယောင်တာနဲ့ နောက်ဆုံး ဦးနှောက်အမြှေးယောင်တာအထိဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူရဲ့ သုတ်ရည် မျကိစိကိုထိပြီး မျက်စိနာတာ၊ ရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင် ကလေးမွေးချိန်မှာ ကလေးမျက်စိနာပြီး မဖွင့်နိုင်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။