ရေကြီးပြီး ကူးစက်ရောဂါ ကာကွယ်ရေး

  • ဝင်းမင်း

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးရေလျှံနေတဲ့ လမ်းတခု (စက်တင်ဘာ ၁၀၊ ၂၀၂၄)

မြန်မာမှာ မိုးကြီးရေကြီးတာကြောင့်၊ ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ရေး လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။

ရေကြီးမူဆိုင်ရာ ကူးစက်ရောဂါတွေကနေ ကာကွယ်ရေးအတွက် တကိုယ်ရည်သန့်ရှင်းရေး လိုအပ်တာတွေကို ကူညီပံ့ပိုးပေးသင့်ပါတယ်။ ကျန်းမာရေး ပညာပေးတာအပြင်၊ ရေသန့်နဲ့ ယာယီရေလောင်းအိမ်သာ ရရှိရေးကိုပါ ဝိုင်းကူပေးသင့်ပါတယ်။ ဆရာဝန်၊ သူနာပြု၊ ကျေးရွာ ကျန်းမာရေးမှူးတွေအနေနဲ့ ကူးစက်ရောဂါပညာပေးတာမှာ၊ ရေသန့်သောက်သုံးသင့်တာအပြင် ရေသန့် ဘယ်လိုရနိုင်အောင်နဲ့ အိမ်သာ အလုံအလောက် သုံးနိုင်အောင်ပါ အကူအညီပေးသူတွေကို အကြံပြုတိုက်တွန်းပေးသင့်ပါတယ်။ အကြောင်းက ရေကြီးအပြီး ရေတွေညစ်ပတ်၊ အိမ်သာတွေ မလုံမလောက် ဖြစ်ကုန်လို့ပါ။

အိမ်သာနဲ့ ရေသန့် မလုံလောက်တာကြောင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး ကူးစက်ရောဂါ ဖြစ်နိုင်တာကို ကာကွယ်ပေးဖို့ လိုပါတယ်။ အိမ်သာ မလုံလောက်တာကြောင့် ပြင်ပမှာ အညစ်အကြေးစွန့်တာနဲ့ ရေသန့် မလုံလောက်တာကြောင့် အိမ်သာတက်အပြီး ကောင်းကောင်း မသန့်စင်နိုင်တာကနေ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်ရအောင်၊ ယာယီရေလောင်းအိမ်သာ ဆောက်ပေးတာနဲ့ ရေသန့်ကူညီပေးတာတွေကို အစားအသောက်နဲ့ အဝတ် ကူညီပေးသလို အခြေခံ လိုအပ်ချက်အဖြစ် ကူညီပေးသင့်ပါတယ်။ အစာမစားခင်၊ စားအပြီးနဲ့ အိမ်သာတက်အပြီး ရေ၊ ဆပ်ပြာနဲ့ ဆေးသင့်ပါတယ်။

ဒါ့အပြင် ရေသန့် မလုံလောက်တာကြောင့် ရေချိုးသန့်စင်မှု မလုပ်နိုင်ဘဲ၊ ပိုးတွေ တွယ်ကပ်ပြီး ဖျားနာတာ မဖြစ်အောင်လည်း ကာကွယ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေမချိုးနိုင်တာကြောင့် သန်းတွေ ကိုယ်ခန္တာမှာ တွယ်ကပ်နိုင်သလို၊ နေရာထိုင်ခင်းတွေ မသန့်စင်နိုင်တာကြောင့်လည်း ကြမ်းပိုးတွေ တွယ်ကပ်ကာ ယားယံကုတ်မိပြီး ပိုးဝင်ကာ ဖျားနားမှုတွေ ဆက်ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အရင် ကမ္ဘာစစ်ကာလတွေမှာ အခုလို ဖြစ်ခဲ့သလို၊ ရေရှားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အရင်အလားတူ ဖြစ်တာတွေရှိထားတာမို့ ရေသန့်ရနိုင်ရေး ကူညီပေးဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် ရေကြီးအပြီး ရေတွေ ညစ်ညမ်းသွားတာကြောင့် ညစ်ညမ်းရေတွေကို သောက်သုံးရေအဖြစ် လုံးဝမသုံးသင့်ပါဘူး။ ပုံမှန်အားဖြင့်လည်း မြစ်ချောင်းက ရေတွေကို သန့်စင်ပြီးမှသာ အသုံးပြုသင့်တာပါ။ အကြောင်းက ဓာတုပစ္စည်းတွေပါနိုင်ပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်နိုင်လို့ပါ။ အခုတော့ ရေကြီးပြီးချိန်မှာ ပိုအသုံးမပြုသင့်တဲ့ မြစ်ချောင်းရေအစား၊ ရေသန့်ပြန်လုပ်ထားတာကိုသာ သောက်သုံးရေအဖြစ် အသုံးပြုသင့်ပါတယ်။ ယာယီရေသန့်စင်စက်သုံးတာ၊ ကလိုရင်းဆေးခတ်တာနဲ့ ကျိုချက်တာတွေ လုပ်ပေးခြင်းဖြင့် ရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။ ကူးစက်ရောဂါတွေ ဖြစ်လာခဲ့လျှင်လည်း ချက်ချင်း ကုသမှုခံယူပြီး၊ သက်ဆိုင်ရာကို သတင်းပို့ပေးခြင်းဖြင့် ကူးစက်မှုမပြင်းထန်အောင် ကူညီကာကွယ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံ အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကို အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မေးထားပါတယ်။