သက်ကြီးရွယ်အိုများ နဲ့ ကယောင်ကတမ်းဖြစ်ခြင်း

  • ဝင်းမင်း

Your browser doesn’t support HTML5

သက်ကြီးရွယ်အိုများ နဲ့ ကယောင်ကတမ်းဖြစ်ခြင်း


သက်ကြီးရွယ်အိုတွေမှာ ငန်းဖမ်းတာလို့ ခေါ်တတ်ကြတဲ့ ကယောင်ကတမ်းဖြစ်တာ အဖြစ်များပြီး စနစ်တကျ မကုသရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဒီရောဂါဖြစ်ရခြင်း အကြောင်းရင်းကတော့ အသက်ကြီးလာချိန်မှာ အထွေထွေ ခံနိုင်ရည်နည်းလာပြီး၊ ဦးနှောက် တစ်ခုလုံး လုပ်ငန်းတာဝန်တွေ တက်လိုက်ကျလိုက်ဖြစ်ကာ ပုံမှန်ဖြစ်လိုက် ကယောင်ကတမ်းဖြစ်လိုက် ဖြစ်ကာ၊ ဝေဒနာရောဂါမျိုးဖြစ်ကာ နောက်ဆက်တွဲအဖြစ် အဆိပ်အာနိသင်တွေပြတာ၊ ရောဂါတွေအတွက် ဆေးမျိုးစုံသောက်ရကာ ဆေးဒဏ်ခံရတာတွေကြောင့် အဓိက ဖြစ်ပါတယ်။

ကယောင်ကတမ်းရောဂါ ဖြစ်လာခဲ့ပါက စောစောသိပြီး စောစောကုသနိုင်အောင် စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေ ရှိပါတယ်။ သူငယ်ပြန်ရောဂါလို့ ခေါ်ကြတဲ့ မှတ်ဉာဏ်ကျ၊ မေ့လျော့တဲ့ရောဂါကနေ ဒီရောဂါ ရုတ်တရက် ဆက်ဖြစ်နိုင်ပြီး၊ ဖြစ်လိုက် ပြန်ကောင်းလိုက် ဖြစ်နေတတ်ပါတယ်။ အချိန်အားဖြင့် ည အလင်းရောက်နည်းတဲ့ အချိန်တွေမှာ ကယောင်ကတမ်း ပိုဖြစ်တတ်ပြီး၊ ပြန်လည်း ကောင်းသွားတတ်ပါတယ်။ သို့သော် ဒီရောဂါဖြစ်လာပြီးရင် သိရှိမှု ချို့ယွင်းသွားပြီး တက်တက်ကြွကြွ မရှိတော့တာ၊ စကားလာပြောသူတွေကို ဘယ်သူဘယ်ဝါမှန်း မသိတာ၊ ရောက်နေတဲ့ နေ့ည အချိန်နဲ့ နေရာတွေကို မသိတာ၊ မှတ်ဉာဏ်စစ်ဆေးရင် ကျနေပြီး အခုပြောလိုက်တာကို ပြန်မပြောပြနိုင်တာနဲ့ အသစ်တွေကိုလည်း မမှတ်နိုင်တာ၊ အထူးသဖြင့် ငန်းဖမ်းချိန်မှာ ပြောခဲ့၊ ဖြစ်ခဲ့တာတွေကို ပြန်မမှတ်မိတော့တာတွေ ဖြစ်တတ်ကြပါတယ် (တချို့ဆို အော်ဟစ်ဆဲဆို လုပ်တတ်လာတယ်)။

အခုလို ရောဂါလက္ခဏာတွေ ပြလာရင်တော့ စောစောစီးစီး ဆေးရုံ၊ ဆေးခန်းပြပြီး ကုသနိုင်ရင် မြန်မြန် ပြန်ကောင်းနိုင်ပါတယ်။ ဆရာဝန်တွေရဲ့ ကုသမှုအပြင် မိသားစုရဲ့ ပြုစုပေးမှုကလည်း အထူးအရေးကြီးပါတယ်။ ဆေးကုသမှုအနေဖြင့် ဖြစ်ရခြင်းအကြောင်းရင်းပေါ် မူတည်ပြီး ပေးရပါတယ်။ ဥပမာ ရေနဲ့ အာဟာရ လိုအပ်ရင် ရေနဲ့ ဗီတာမင်တွေနဲ့ လိုတာတွေ ပြန်ဖြည့်ပေးတာမျိုးပါ။ မိသားစုအနေနဲ့ ပြုစုပေးရာမှာ လူမပြောင်းဘဲ တစ်ဦးတည်းက ပြုစုပေးနိုင်ပြီး၊ အလင်းရောင်ကောင်းတဲ့နေရာမှာ ကုသပေးနိုင်ရင် ပိုကောင်းပါတယ်။

ဒါ့အပြင် လူနာအတွက် ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကို အမှန်အတိုင်း သိအောင် ဖြည်းဖြည်းမှန်မှန် ပြောပေးဖို့ လိုရာမှာ ဥပမာ အိမ် (သို့မဟုတ်) ဆေးရုံရောက်နေကြောင်း၊ မနက် (သို့မဟုတ်) ညနေ ရောက်နေကြောင်း ရှင်းပြပေးသင့်ပါတယ်။ အိပ်စက်မှုနဲ့ ပတ်သက်ပြီး နေ့ည မှားအိပ်နေတာကိုလည်း ဆရာဝန်နဲ့တိုင်ပင်ကာ အိပ်ဆေးတန်ရုံပေးပြီး အိပ်တာပြန်မှန်အောင် ကူညီပေးသင့်ပါတယ်။ ဒါ့အပြင် ကယောင်ကတမ်း ဖြစ်စေတဲ့ (သို့မဟုတ်) ဖြစ်တာပိုဆိုးစေတဲ့ ဆေးဝါးတွေကိုလည်း သတိပြုမိပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ ရှောင်ကျဉ်ပေးသင့်ပါတယ်။ အပြုအမှုပိုင်းဆိုင်ရာ အနှောက်အယှက်၊ ပုံမမှန်တာတွေ ရှိလာရင် ဖြည်းဖြည်းချင်း ညင်ညင်သာသာနဲ့ မလုပ်ဖို့ပြောတာ၊ ဒါပေမဲ့ ဖြောင်းဖျအားပေး ကူညီတာတွေနဲ့ မရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ညပြီး လိုအပ်သလို စိတ်ရောဂါ စားဆေး၊ ထိုးဆေးတွေ ထိထိရောက်ရောက် ပေးသင့်ပါတယ်။

အခုလို စောစောစီးစီး၊ စနစ်တကျ ကုသ၊ ပြုစုပေးနိုင်ရင် မြန်မြန် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ဖျားနာဆောင်တွေမှာ အများစုရှိနေတဲ့ ဒီလူနာတွေကို စနစ်တကျ ပြုစု၊ ကုသမှု မပေးနိုင်ရင်တော့ အများစု သေဆုံးသွားနိုင်တာမို့ စနစ်တကျ ပြုစုကုသပေးဖို့ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ဒီရောဂါကို အချိန်မီမကုသနိုင်ရင် တချို့မှာ သူငယ်ပြန် (သို့မဟုတ်) မှန်ဉာဏ်ကျ၊ မေ့လျော့တဲ့ရောဂါ ဆက်ဖြစ်သွားနိုင်တာမို့ ပေါ့ပေါ့မထားဘဲ စောစောကုသဖို့ကလည်း အလားတူ အရေးကြီးပါတယ်။

ဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ကတော့ အသက်ကြီးလာချိန်မှာ ဖြစ်လာလေ့ရှိတဲ့ ရောဂါတွေ ဝင်မလာအောင်၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်မလာအောင် ဂရုပြု နေထိုင်စားသောက်သင့်ပါတယ်။ ဆေးဝါတွေ သောက်ရရင်လည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျသောက်ဖို့နဲ့ ဆရာဝန်နဲ့ ပုံမှန်ပြန်ပြသင့်ပါတယ်။

ဒီရောဂါအကြောင်း တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာရေးနဲ့ ပညာဌာန ပါမောက္ခ၊ ဌာနမှုး၊ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာ ဉာဏ်ဝင်းကျော် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။