သက်ကြီးရွယ်အို စိတ်ကျန်းမာရေးနဲ့ မေ့လျော့ခြင်းရောဂါ

  • ဝင်းမင်း

Music and Memory

Your browser doesn’t support HTML5

သက်ကြီးရွယ်အို စိတ်ကျန်းမာရေးနဲ့ မေ့လျော့ခြင်းရောဂါ


ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ သက်ကြီးရွယ်အို အရေအတွက် များစွာတိုးပွားလာနေပြီး၊ (၁၀) ယောက်မှာ (၁) ဦးကနေ (၃) ဦးခန့်ဟာ စိတ်ရောဂါဝေဒနာတွေ ခံစားလာနေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

အသက်အရွယ်ရလာချိန်မှာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အားနည်းမှုတွေနဲ့ နီးစပ်သူတွေကို ဆုံးရှုံးရတာတွေ ဖြစ်လာတာကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေ ခံစားလာရတတ်ပါတယ်။ ဒီရောဂါတွေထဲမှာ Dementia (ခေါ်) မှတ်ဉာဏ်ကျ မေ့လျော့တာ၊ ဂယောင်ချောက်ချားဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ခံစားမှုလွန်ကဲတာတွေ အဓိက ဖြစ်လေ့ရှိပါတယ်။

အဖြစ်များတဲ့ မှတ်ဉာဏ်ကျ၊ မေ့လျော့တဲ့ရောဂါမှာ တဖြည်းဖြည်း ပိုဆိုးသွားတတ်သလို၊ တချို့လဲ တဖြည်းဖြည်း ပြန်ကောင်းသွားတတ်ပါတယ်။ ဒါ့အပြင် နာတာရှည်ဖြစ်သွားပြီး မှတ်ဉာဏ်ကျ၊ မေ့လျော့တာအပြင် သင်ယူနိုင်မှုကျဆင်းတာ၊ ဘာသာစကားပြောနိုင်မှု အားနည်းသွားတာ၊ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ကျသွားတာနဲ့ လူမှုရေး ဆက်စပ်ပတ်သက်မှုတွေ ကျဆင်းလာတာတွေလဲ ဖြစ်တတ်ပါတယ်။

ဒီ ရောဂါဖြစ်လာတာကို စောစောသိပြီး ကုသနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကကြီးကကြောင်လုပ်တာ၊ သံသယစိတ်များတာ၊ မရှိတာတွေနဲ့ လှုံ့ဆောင်မှုမယ့် အာရုံရတာတွေ ဖြစ်ပါတယ်။

ဒီ မှတ်ဉာဏ်ကျ၊ မေ့လျော့တဲ့ရောဂါမှာ အမျိုးအစား များစွာရှိသော်လည်း အများစုက ကာကွယ်နိုင်ပါတယ်။ ကာကွယ်နိုင်ဖို့အတွက် ငယ်ငယ်ထဲက အာဟာရ ပြည့်ဝအောင်စားတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာ၊ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ စာပေလေ့လာမှုနဲ့ ဦးနှောက်လေ့ကျင့်ခန်းလုပ်တာ၊ ကူးစက်ရောဂါတွေကင်းအောင် ကျန်းမာရေး မျှတအောင် နေထိုင်တာတွေ လုပ်နိုင်ပါတယ်။

ဒီရောဂါဖြစ်လာခဲ့ရင်လဲ အခုခေတ်မှာ ထိရောက်တဲ့ဆေးဝါးတွေ ရှိနေတာမို့ စနစ်တကျ တစ်ဆင့်စီတိုးပြီး မှန်မှန်ကန်ကန် သုံးစွဲကာ အာဟာရ မျှတအောင်စားတာ၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာနဲ့ တရားထိုင်ခြင်းကဲ့သို့ အသက်ရှုလေ့ကျင့်ခန်းနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေပါ တွဲလုပ်နိုင်ရင် အများစုကို ပြန်ကောင်းအောင် ကုသပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီရောဂါကြောင့် မေ့လျော့တာ များလာပြီး ပစ္စည်းကျန်တာ၊ လမ်းမှားတာတွေ ဖြစ်လာရင်လဲ အခုလို မဖြစ်အောင် လေ့ကျင့်သင်ပေးမှုတွေနဲ့ ပစ္စည်းတွေကို ပုံမှန်နေရာမှာ အမြဲထားဖို့ စီစဉ်ပေးတာတွေလဲ မိသားစုက ဝိုင်းကူပေးသင့်ပါတယ်။ ဒါ့အပြင် ဆေးသောက်ရတာကြောင့် ကယောင်ကတမ်း ဖြစ်လာနိုင်တာကို စောင့်ကြည့်ကာ၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ စစ်ဆေးပြီး ဆေးကို မှန်မှန်ကန်ကန် ချိန်တွယ်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ ၊ပညာဌာန ပါမောက္ခ၊ ဌာနမှူး နဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာ ဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။