Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ထိခိုက်ဒဏ်ရာရမှုကြောင့် လူအများဆုံးဆေးရုံရောက်ရ၊ သေဆုံးရတာမှာ မတော်တဆအဖြစ် အမြင့်ကပြုတ်ကျတာအပြင်၊ မြေပြင်၊ကြမ်းပြင်ပေါ်လဲကျတာတွေလည်း များလွန်းတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
မြေပြင်နဲ့ ကြမ်းပြင်မျိုး ပြင်ညီလိုအနေအထားပေါ် မတော်တဆ လဲကျတာတွေက အိမ်မှာ အများဆုံးဖြစ်ပြီး၊ ကျောင်းနဲ့ ရုံး၊အလုပ်ခွင်တွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ အဓိက ဖြစ်ရခြင်းကတော့ ချောနေတဲ့ ကြမ်းပြင် ၊မြေပြင်အနေအထားနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်ပါ။ အခုလို လဲကျတာတွေက အမြင့်ကနေ ပြုတ်ကျတာလောက် အန္တရာယ်မကြီးပေမယ့် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာဖြစ်လျှင် ပြင်းထန်တတ်ပါတယ်။ သူတို့အရွယ်တွေမှာ ထိန်းရခက်တာကြောင့် အရိုးတွေကျိုးတာအပြင် ခေါင်းပါထိခိုက်နိုင်လို့ပါ။ အထူးသဖြင့် အသက် (၆၀) ကျော်လာတဲ့ သက်ကြီးတွေမှာ အရိုးပွတာကြောင့် သာမန်လဲကျရာကနေ ပေါင်ဆစ်ရိုးကျိုးတာ၊ ပေါင်ရိုးကျိုးတာ၊ လက်ကောက်ဝတ်ရိုးကျိုးတာတွေ အလွယ်တကူဖြစ်စေပြီး၊ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်လာလေ့ရှိပါတယ်။ အခုလို ကြမ်းပြင်၊မြေပြင် ချောနေတာကြောင့် မတော်တဆ လဲကျရတာအပြင်၊ ရောဂါတွေရှိထားတာကြောင့်လည်း လဲကျတတ်ရာမှာ မူးမိုက်လဲတာ၊ လေဖြတ်လဲတာ၊ နှလုံးဖောက်လဲတာတွေ ဖြစ်ပြီး၊ ခေါင်းနဲ့ရိုက်မိတာ၊ လက်ထောက်မိပြီး လက်ကျိုးတာ၊ ရင်ဘတ်နဲ့ ရိုက်မိပြီး ဒဏ်ရာရတာတွေ ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။
အခုလို လဲကျတာ အဖြစ်အများဆုံးဖြစ်တဲ့ အိမ်မှာ နောက်ထပ် ဖြစ်တတ်တဲ့ အနေအထားတွေကတော့ လှေကားအတက်အဆင်း အလင်းရောင်နည်းပြီး၊ မှောင်နေတာ၊ လှေကား မတ်လွန်းတာ၊ အိမ်ထဲ ထောင့်ချိုးတွေမှာ ကြိုမမြင်ရတာ၊ ကြမ်းပြင် အနိမ့်အမြင့် မညီတာတွေ (အထစ်တွေ၊ ကဘန်းတွေ) ရှိနေတာ၊ ရေချိုးခန်း အိမ်သာနဲ့ မီးဖိုချောင်မှာ စိုစွတ်နေတာ၊ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ချောစေတဲ့ ခြေသုတ်ပုဝါရှိနေတာတွေကြောင့် ခလုတ်တိုက်လဲတာ၊ ချော်လဲတာတွေ ဖြစ်ကြရတာပါ။ လူလတ်ပိုင်းအရွယ်တွေမှာ ခလုတ်တိုက်တဲ့၊ ချောတဲ့အရှိန်ကို ပိုထိန်းနိုင်တာကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရလေ့မရှိပေမဲ့၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေမှာတော့ သာမန်လဲတာနဲ့တင်၊ ကြွက်သားတွေ၊ အဆစ်တွေ အားမကောင်းတာကြောင့် သိပ်မထိန်းနိုင်ဘဲ ( ဥပမာ- ခေါင်းနဲ့ နံရံရိုက်မိတာ၊ ခေါင်းနဲ့ ဘီရို ရိုက်မိတာကြောင့်) ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။
အခုလို အိမ်မှာ မတော်တဆလဲကျတာတွေကနေ ကာကွယ်ဖို့ ကြမ်းပြင် အထူးသဖြင့် ကြွေပြားတွေပေါ်မှာ မချောစေနိုင်တဲ့ ခြောက်သွေ့တဲ့ အဝတ်ထူတူ၊ ကုတ်အားကောင်းတာတွေကိုသာ ခြေသုတ်အဖြစ် အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အိမ်မှာ တခြားချော်လဲ၊ခလုပ်တိုက်လဲစေနိုင်တဲ့ နေရာတွေကို ကြိုကြည့်ထားသင့်ရာမှာ ဥပမာ မှောင်နေတဲ့နေရာတွေ၊ ဒေါင့်ချိုးတွေ၊ ဒေါင့်ချိုးတွေမှာ ဘီရိုကြောင့် ကွယ်သွားတာတွေ၊ အထစ်တွေ၊ အကွေ့တွေ၊ ကြမ်းပြင်လမ်းကြောင်းတလျှောက် ပစ္စည်းတွေ (အဝတ်အစား၊ ပုလင်း၊ ဌက်ပျောခွံ စတဲ့ချောနိုင်တာတွေ) ကျနေတာ၊ ကြိုးတွေတန်းလန်းထားထားတာ စတာတွေကို သတိပြုမိပြီး၊ အန္တရာယ်နည်းသွားအောင် သပ်သပ်ရပ်ရပ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုချောင်မှာ ရေဝပ်စိုစွတ်နေတာတွေ ရှိလျှင်လည်း သုတ်ပေးတာ၊ လိုအပ်သလို ပြင်ဆင်မှုတွေလုပ်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ လူကြီးတွေ အထူးသဖြင့် ရောဂါအခံရှိထားသူတွေအပြင်၊ ကလေးငယ်တွေကိုလည်း အထူးသတိထားပြီး သွားတာလာတာ စောင့်ကြည့် ကူညီဖေးမပေးသင့်ပါတယ်။ အထူးသဖြင့် ရောဂါရှိထားတဲ့ သက်ကြီးတွေကို တစ်ဦးထဲ အိမ်သာသွားတာ၊ ရေချိုးခန်းဝင်တာတွေ မလုပ်စေဘဲ ဘေးကနေ တစ်ဦးဦးက တွဲကူူပို့ဆောင်ပေးသင့်ပါတယ်။
ကျောင်းတွေ၊ ရုံးနဲ့ အလုပ်ခွင် (ဈေး၊ စတိုးဆိုင်၊ စူပါမားကက် အပါအဝင်) မှာလည်း ချောနေနိုင်တဲ့နေရာတွေမှာ အများသိသာအောင် သတိပေးလက္ခဏာတွေ ချထားပို့ အရေးကြီးပါတယ်။ စိုစွတ်နေတာတွေကို ခြောက်အောင်သုတ်ပေးဖို့၊ ချောနေတဲ့နေရာတွေကို ပြုပြင်ဖို့၊ အလင်းရောင်ကောင်းကောင်း ရှိစေဖို့၊ လှေကား မခိုင်တာတွေကို ခိုင်အောင်ပြန်ပြင်ထားဖို့၊ လက်တန်းနဲ့ ဘေးအကာတွေ၊ ဝရန်တာတွေ မခိုင်လျှင်လည်း ပြန်ပြင်ထားတာ၊ သတိပေးတာတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျောင်းတွေမှာတော့ ကလေးငယ်တွေ ပြေးလွှားဆော့ကစားရင်း၊ ကြမ်းပြင်နဲ့ ထိုင်ခုံပေါ်ကနေ လဲကျကြတာများတာမို့ စောင့်ကြည့်ထိန်းသိမ်းမှုတွေပါ လုပ်ပေးသင့်ပါတယ်။ အလုပ်ခွင်တွေမှာလည်း လမ်းမှာ ပစ္စည်းတွေ ချထားတာကြောင့် ပစ္စည်းတွေသယ်ပို့ရာမှာ ကျော်ခွသွားရင်း ခလုတ်တိုက်လဲတာဖြစ်နိုင်တာမို့၊ အလုပ်ခွင် လျှောက်လမ်းတလျှောက် အဟန့်အတားမရှိအောင် ရှင်းလင်းထားသင့်ပါတယ်။ အဟန့်အတားတွေ၊ ခလုပ်တိုက်လဲနိုင်တာတွေရှိနေလျှင်လည်း ကြိုတင် သတိပေးချက်တွေ အများမြင်လွယ်အောင် ထားပေးသင့်ပါတယ်၊ ကြိုတင်သိထားပြီး မတော်တဆ သတိလက်လွတ်မဖြစ်အောင် သတိထားနိုင်ဖို့ပါ။ ဒါ့အပြင် အလုပ်ခွင်မှာ အရက်နဲ့မူးယစ်ဆေးသုံးစွဲတာကြောင့် သတိလက်လွတ်မတော်တဆလဲကျနိုင်တာမို့၊ အရက်နဲ့မူးယစ်ဆေးမသုံးစွဲနိုင်အောင် အထူး စောင့်ကြည့် ကြပ်မတ်မှုတွေ လုပ်ပေးသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမာ်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။