ကိုးကန့်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေမှာ တိုင်းရင်းသားလူမျိုးရေး ခွဲခြားတဲ့ အမုန်းစကားတွေ လူမှုကွန်ယက်တွေမှာ အများဆုံးပြန့်ပွားခဲ့ပြီး ရွေးကောက်ပွဲ အကြိုကာလတွေမှာ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေပျံ့နှံ့ခဲ့တယ်လို့ PEN Myanmar အဖွဲ့က ပြောဆိုလိုက်ပါတယ်။ PEN Myanmar အဖွဲ့အနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းမှာ ထွက်ရှိခဲ့တဲ့ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ သီချင်းတွေအပြင် လူမှုကွန်ယက်တွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတစ်ရပ် ရေးသားထုတ်ဝေခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။
PEN Myanmar အဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ကနေ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာလဆန်းပိုင်းအထိ ပြည်တွင်းမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ သတင်း မီဒီယာတွေ၊ လူမှုကွန်ယက်တွေ၊ ရုပ်ရှင်နဲ့ သီချင်းတွေမှာ အမုန်းစကား ပါဝင်မှုတွေကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးကဏ္ဍတွေနဲ့ ပတ်သက်တဲ့ အမုန်းစကား ပါဝင်မှု တွေကို လေ့လာ ခဲ့ကြတာပါ။
၂၀၁၅ နှစ်ဆန်းပိုင်းလောက်က မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလတွေမှာ လူမှုကွန်ယက်တွေမှာရော သတင်းမီဒီယာတွေမှာပါ တိုင်းရင်းသား လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေ ပြန့်နှံ့ခဲ့တယ်လို့ PEN Myanmar အဖွဲ့ အစီအစဉ်တာဝန်ခံ မဇာခြည်ဦးက အခုလို ပြောပါတယ်။
“သူတို့ ဒီကြားထဲမှာ စစ်ပွဲတွေ ဖြစ်တယ်မလား။ ကိုးကန့်နဲ့ အစိုးရတပ်နဲ့ စစ်ပွဲတွေဖြစ်တယ်။ အဲဒီအတွင်းမှာ ဘာတွေအများဆုံးသွားတွေ့ရသလဲဆိုတော့ ခုနကလိုပေါ့ ethnicity တွေ နဲ့ ပတ်သက်ပြီးတော့ discrimination လုပ်တဲ့အသုံးအနှုန်းတွေ အများကြီးတွေ့ရတယ်။ ဘာလို့တွေ့ရသလဲဆိုတော့ အဲဒီအချိန်ကျတော့ တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်ပြီးတော့ ဒီကနေထုတ်တဲ့ ဒီအစိုးရ သတင်းမီဒီယာကနေ ထုတ်တဲ့ သတင်းလွှာကိုက သူက အဲဒီအသုံးအနှုန်းတွေ ပါနေတာလေ။ ဆိုတော့ အဲဒီအသုံးအနှုန်းတွေကို ပြန်ပြီးတော့ တဆင့်ဖော်ပြရတဲ့ သတင်းစာတွေ ၊ ဂျာနယ်တွေ အကုန်လုံးကလည်းပဲ အဲဒါကို ပြောင်းလို့မရဘူး၊ သူဖော်ပြတဲ့အတိုင်းပဲ ပြန်ဖော်ပြရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီကာလအတွင်းမှာ Hate Speech အများဆုံးပေါ့။ Ethnicity နဲ့ ပတ်သက်တဲ့ Hate Speech အများဆုံး တွေ့တဲ့အတွက်ပေါ့ ။”
ရွေးကောက်ပွဲအကြိုကာလတွေမှာ ဘာသာရေးအမုန်းစကားတွေကို လူမှုကွန်ယက်တွေမှာ အကောင့်တုတွေနဲ့ ရည်ရွယ်ချက် ရှိရှိ ဖြန့်တာမျိုးလည်း တွေ့ရှိရတယ်လို့ မဇာခြည်ဦးက ဆက်ပြောပါတယ်။
“ ဒီရွေးကောက်ပွဲမတိုင်ခင်ကာလဆိုရင် ဘာသာရေးနဲ့ ပတ်သက်တဲ့ Hate Speech တွေ အများဆုံးတွေ့ရတယ်။ ဘယ်ကနေပြီးတော့ စပြန့်လာသလဲဆိုတော့ များသောအားဖြင့် fake account တွေကနေ ပြန့်တာပါ။ ဒါပေမယ့် fake account တွေကနေ တမင်တကာဖြန့်လိုက်တဲ့ ပုံစံမျိုးကိုလည်းတွေ့ရတာပေါ့။ တပြိုင်နက်တည်း ပြန့်သွားတဲ့ ပုံစံမျိုးတွေပေါ့။”
သတင်းမီဒီယာတွေမှာတော့ အမုန်းစကားတွေ ပါဝင်မှုနည်းအောင် ရေးသား ကြတာကို တွေ့ရပြီး ခံစားချက်ကို ထုတ်ဖော်ကြတဲ့ အနုပညာသမားတွေရဲ့ လက်ရာတွေမှာ အမုန်းစကားတွေကို ပိုပြီးတွေ့ရတယ်လို့ မဇာခြည်ဦးက ပြောပါတယ်။
အမုန်းစကားတွေကို PEN နိုင်ငံတကာအဖွဲ့က ပညာရှင်တစ်ဦးက သက်ဆိုင်ရာ ကဏ္ဍနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို သတ်မှတ်ပြီး ဒီအစီရင်ခံစာမှာ စိစစ်လေ့လာထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အမုန်းစကားတွေကို အမုန်းစကားရယ်လို့ သတိမမူမိဘဲ နေ့တဓူဝ အသုံးပြုနေကြတာကိုလည်း တေ့ွရတယ်လို့ မဇာခြည်ဦးက အခုလို ပြောပါတယ်
“တို့ လူတွေအချင်းချင်းမှာကိုပဲ မသိမသာ တယောက်ကိုတယောက် ဖိနှိပ်ချိုးနှိမ်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပေမယ့်လည်း တို့တွေမှာ သုံးကျင့်ဖြစ်နေတဲ့ စကားလုံးတွေ ရှိတာပေါ့နော်။ အဲလိုမျိုးဟာတွေဆိုရင် Hate Speech ထဲကို count လုပ်လို့ရတာပေါ့။ သူ့ရဲ့ Theory အရဆိုရင် ဒါတွေက Hate Speech ဖြစ်နေတယ်။ ဒါပေမယ့် ဒီမှာကျတော့ တော်တော်များများသုံးနေကြတဲ့ ရယ်စရာလိုပဲဖြစ်ဖြစ် ၊ မုန်းစရာလိုဖြစ်ဖြစ် အဲလိုမျိုးတွေ သုံးနေတယ်ပေါ့။ နောက်ပြီးတော့ မဲဆွယ် စည်းရုံးတဲ့ သီချင်းတွေ လုပ်တဲ့အခါဆိုရင်လည်း ပါသွားတာပဲပေါ့နော်။ သီချင်းတွေထဲမှာ သူက လူတွေရဲ့ emotion ကို လုံ့ဆော်ပေးနိုင်အောင်လို့ သုံးရတာကို။”
အစီရင်ခံစာထဲမှာ အစိုးရအနေနဲ့ အငြင်းပွားမှုဆိုင်ရာ လူထု အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့၊ လူမှုကွန်ယက်တွေမှာ ကြမ်းတမ်းတဲ့၊ သူတပါးကို ထိခိုက်စေနိုင်တဲ့ စကားအသုံးအနှံးတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားရှိဖို့ အပြင် အစိုးရအပါအဝင် သတင်းမီဒီယာတွေအနေနဲ့ မှန်ကန်ခိုင်မာတဲ့ သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ကြဖို့ အကြံပြုထားပါတယ်။
မြန်မာ့မီဒီယာတွေပေါ်က အမုန်းစကားဖြန့်ချိမှု အစီရင်ခံစာအတွက် Facebook လူမှုကွန်ယက်စာမျက်နှာ ၁၅၃ ခု၊ ပုံနှိပ်စာစောင် မဂဇင်းနဲ့ သတင်းစာအစောင်ပေါင်း ၁၆၁၃ စောင်၊ တစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေနဲ့ သီချင်းအပုဒ်ရေ ၂၆၀ ကျော်ကို စိစစ်လေ့လာခဲ့တာပါ။ နောက်ဆုံးအဆင့် အချောသတ် အစီရင်ခံစာကိုတော့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။