နယ်စပ်လုံခြုံရေး တင်းကြပ်ဖို့ ဒုသမ္မတ Harris ကတိပြု

အမေရိကန်ဒုသမ္မတ Kamala Harris မက်ဆီကိုနယ်စပ် သွားရောက်စဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ဝင်လာသူတွေကို ဖမ်းဆီးပြန်ပို့မယ့်အပြင် နိုင်ငံထဲကို နောင် ၅ နှစ် မဝင်နိုင်အောင် တားဆီးသွားမယ်လို့ ဒုသမ္မတ Kamala Harris က ပြောကြားလိုက်ပါတယ်။ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် တရားဝင် ရွေးကောက်ခံရပြီးနောက်ပိုင်း အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကို သောကြာနေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ် အခုလို ပြောကြားခဲ့တာပါ။

မက်ဆီကိုနယ်စပ်ကနေ အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ရေးကိစ္စဟာ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ကိစ္စတခု ဖြစ်နေချိန်မှာ Arizona ပြည်နယ် Douglas မြို့အနီး နယ်စပ်တံတိုင်းရှိရာအထိ သွားခဲ့တာပါ။ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် Arizona မှာ လုပ်တဲ့ မဲဆွယ်စည်းရုံးပွဲမှာ နယ်စပ်လုံခြုံရေးကို တင်းကြပ်သွားမယ်လို့ ဒီမိုကရက် သမ္မတလောင်း Kamala Harris က ကတိပြုခဲ့ပါတယ်။

တောင်ပိုင်းနယ်စပ်တလျှောက် လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဝန်ထမ်းတွေကို လစာတွေတိုးပေးတာ၊ လုပ်သားအင်အား တိုးတာတွေလုပ်နိုင်ဖို့ ဒေါ်လာ သန်း ၅၀၀ ပိုပြီး သုံးစွဲသွားနိုင်အောင် ကြိုးစားနေတယ်လို့လည်း Douglas မြို့မှာ ဒုသမ္မတ Kamala Harris ကပြောကြားသွားခဲ့ပါတယ်။ မူးယစ်ဆေးလို သုံးနေတဲ့ fentanyl တွေ မက်ဆီကိုနယ်စပ်ကနေ နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေတာတွေကို တားဆီးနိုင်အောင် လုပ်သွားမယ်လို့လည်း ကတိပြုပြောကြားခဲ့ပါတယ်။

ပြိုင်ဘက်သမ္မတလောင်းလည်းဖြစ်၊ သမ္မတဟောင်းလည်း ဖြစ်တဲ့ Donald Trump နဲ့ သူ့ကို ထောက်ခံတဲ့ ရီပတ်ဘလစ်ကန်တွေကတော့ ဘိုင်ဒန်အစိုးရ လက်ထက်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေ အမေရိကန်ပြည်ထောင်စုထဲ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တဲ့ မှတ်တမ်းတွေကိုထောက်ပြီး Kamala Harris ကို အကြီးအကျယ် ထိုးနှက်တိုက်ခိုက်နေတာပါ။

မက္ကဆီကိုနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ Arizona ပြည်နယ်ဟာ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးမှာ အဓိကကျတဲ့ ပြည်နယ်တခု ဖြစ်သလို၊ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ပြည်နယ်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ပါတီ တခုတည်းက အမြဲ အားသာနေတတ်တဲ့ ပြည်နယ်မျိုး မဟုတ်တာကြောင့် သမ္မတလောင်းတွေ ထောက်ခံမှုရရေး အကျိတ်အနယ် ယှဥ်ပြိုင်ရသလို၊ ရွေးကောက်ပွဲ အဆုံးအဖြတ် ရလဒ်က ဒီလို ပြည်နယ်တွေ အပေါ် အများကြီး မူတည်နေတာ ဖြစ်ပါတယ်။