ကန်သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲအကြို နောက်ဆုံးသီတင်းပတ်ကုန် စည်းရုံးရေးဆင်း

ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက ဒုသမ္မတ Kamala Harris (Photo by ANGELA WEISS and LOREN ELLIOTT / AFP)

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသီတင်းပတ်ကုန်မှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ဒုသမ္မတ Kamala Harris နဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ အပြိုင်အဆိုင် စည်းရုံးနေကြပါတယ်။

ဘယ်သူ့ကို ထောက်ခံမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့လည်း ပြိုင်ဖက်တွေရဲ့ မူဝါဒတွေထက် ကိုယ့်မူဝါဒကသာတယ်ဆိုပြီး စည်းရုံးနေကြတာပါ။ အတိုက်အခိုက်တွေ၊ အနိုင်ကျင့်တာတွေ၊ လုပ်ကြံဖို့ ၂ ကြိမ် ကြိုးစားခံရတာတွေကို ကျော်လွှားပြီး ဒီအဆင့်အထိ ရောက်လာခဲ့တယ်လို့လည်း သမ္မတဟောင်း Trump က မြောက်ကယ်ရိုလိုင်းနားပြည်နယ် Gastonia မြို့ စည်းရုံးရေးခရီးစဉ်မှာ ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ဗာဂျီးနီးယား ပြည်နယ်ကို ခရီးဆက်ခဲ့ပြီး၊ ရွေးကောက်ပွဲမှာ သေချာပေါက်နိုင်မယ်လို့လည်း ထောက်ခံသူတွေကို ပြောခဲ့တာပါ။ ဒီမိုကရက်တစ်သမ္မတလောင်း Harris ကတော့ မျိုးဆက်သစ်ခေါင်းဆောင်အဖြစ် ထောက်ခံကြဖို့နဲ့ ကြိုတင်မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်မယ်လို့ တွက်ထားတဲ့ နောက်ထပ်ပြည်နယ်တခုဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ် Atlanta မြို့က ကားရပ်နားတဲ့ကွင်းထဲက စည်းရုံးရေးမိန့်ခွန်းပြောစဉ် ပရိတ်သတ်တွေထဲက အပူဒဏ်ကြောင့် မူးမိုက်ကြတဲ့သူတွေကို ဆေးဝန်ထမ်းတွေ ကုသမှုပေးခဲ့ရတာကြောင့် ဒုသမ္မတ Harris မိန့်ခွန်းကို မကြာခဏ ရပ်ခဲ့ရပါတယ်။ စည်းရုံးရေးအဖွဲ့မန်နေဂျာ Jen O’Malley Dillon ကတော့ ရွေးကောက်ပွဲ နိုင်မယ်လို့ ယုံကြည်ထားကြောင်း စနေနေ့က သတင်းထောက်တွေနဲ့ ဆက်သွယ်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားပါတယ်။