[[Zawgyi/Unicode]]
တောင်ကိုရီးယားနိုင်ငံ Soul မြို့ Itaewon က Halloween ပွဲတော်မှာ စနေနေ့က လူတွေတိုးကြိတ်နင်းမိပြီး သေဆုံးတဲ့သူ ၁၅၀ ကျော်ထဲမှာ အခုအထိတော့ မြန်မာနိုင်ငံသားတွေပါတဲ့သတင်း မကြားရသေးတဲ့အကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက VOA ကို ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကြား အသိမိတ်ဆွေတွေထဲက ထိခိုက်သေဆုံးတာရှိရင် အမြန်ဆုံးအကြောင်းကြားဖို့ NUG ကရော တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကပါ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့အထိ အောက်မေ့ဖွယ်ဝမ်းနည်းခြင်းနေ့ရက်တွေ ကြေညာထားပြီး ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ ဖျက်သိမ်းကြောင်းလည်း ကြေညာထားပါတယ်။ ဦးရန်နိုင်ထွန်းကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ သေဆုံးတဲ့ထဲမှာ နိုင်ငံခြားသား ၂၀ ကျော်ပါတယ်၊ တချို့ကလည်း ပထမပိုင်းက ၁၉ ယောက်ပေါ့။ အခုဆိုရင် ၂၆ ယောက်အထိ ရေးတာတွေ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံသား နှစ်ယောက်ပါတယ်။ တရုတ်ကလည်း လေးယောက်ပါတယ်ဆိုပြီး သတင်းတွေမှာ တွေ့ပါတယ်။ မြန်မာနိုင်ငံသားတွေရော ပါတာ ကြားမိပါသလားခင်ဗျ။ အကြောင်းကြားတာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီနေ့က ကျနော်တို့သိထားသလောက်ကတော့ မြန်မာနိုင်ငံသားတွေက ဒီပွဲတော်ရက်မတိုင်ခင်မှာ သွားကြမယ်ဆိုပြီး ကြိုတင်ပြီးတော့ ဖေ့စ်ဘုတ်ခ်တွေမှာ သူငယ်ချင်းတွေ အချင်းချင်း ချိန်းနေကြတာ သိရပါတယ်။ သို့သော်လည်းပဲ အဲဒီနေ့ ၂၉ ရက်၊ စနေနေ့ပေါ့လေ- အားလုံးက အလုပ်ပိတ်ရက်လည်းဖြစ်တယ်၊ နောက်နေ့ဆိုလည်း အလုပ်နားရက်ဖြစ်တဲ့အတွက်ကြောင့် မြန်မာလူမျိုးအများစု အဲဒီပွဲကိုသွားကြပါတယ်။ သို့သော်လည်းပဲ အခုအချိန်ထိတော့ မြန်မာလူမျိုးတွေ ကံကောင်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဗမာလူမျိုးတဦးတယောက်မှ သေဆုံးတဲ့ထဲမှာ မပါသလို ထိခိုက်ဒဏ်ရာရမှုစာရင်းထဲမှာလည်း မပါပါဘူး။ ...နိုင်ငံပေါင်း ၁၄ နိုင်ငံ၊ လူပေါင်း ၂၆ ဦးပေါ့လေ-သေဆုံးမှုစာရင်းထဲမှာပါပေမယ့် ကျနော်တို့မြန်မာနိုင်ငံသားတွေက တဦးတယောက်မှမပါတာကို အခုချိန်ထိ သိရှိနေရပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ မြန်မာသံရုံးကတော့ တကယ်လို့ ထိခိုက်ဒဏ်ရာရတဲ့၊ သေဆုံးတဲ့စာရင်းတွေတွေ့လို့ရှိရင် သူတို့ကို အကြောင်းကြားပါ-ဆိုပြီးတော့ ကြေညာချက်ထုတ်ထားတာတွေ့ပါတယ်။ အဲဒီတော့ တခြားအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်တာတွေ ရှိပါသလဲ၊ နောက်ပြီးတော့ ကိုရန်နိုင်ထွန်းတို့ဘက်ကရော မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်လို့ ဘယ်လို အကြောင်းကြားထားတာမျိုးတွေ၊ ကူညီဆောင်ရွက်ပေးတာမျိုးတွေ ရှိပါသလဲခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ NUG အစိုးရအနေနဲ့ဘက်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေပြီးတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုရီးယားပြည်သူလူထုတွေအတွက် ဝမ်းနည်းကြေကွဲမှုသဝဏ်လွှာကိုတော့ ပေးပို့ထားပါတယ်။ ဒါ ကျနော်တို့ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ ပေးပို့ထားတာရှိပါတယ်။ ကိုရီးယားနိုင်ငံမှာ ဒီလိုမျိုး ဖြစ်ပျက်သွားခဲ့တဲ့အတွက်ကြောင့် ဝမ်းနည်းကြေကွဲရပါကြောင်း၊ အမြန်ဆုံးပြန်လည်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့တဲ့သူတွေလည်း သူတို့အနေနဲ့ အမြန်ဆုံး ပြန်လည်သက်သာပါစေကြောင်း ပြန်လည်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနဲ့ ပြန်လည်ဖြစ်ပါစေကြောင်းဆိုပြီးတော့ ဝမ်းနည်းကြေကွဲမှုသဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးအနေနဲ့ကလည်း ကိုရီးယားအစိုးရဘက်ကို ဝမ်းနည်းပူဆွေးကြောင်းနဲ့ အကယ်၍ ကျနော်တို့မြန်မာလူမျိုးတွေ၊ မြန်မာနိုင်ငံသားတွေ ပါလာခဲ့တယ်ဆိုရင် ကျနော်တို့ဆီကို အမြန်ဆုံးအကြောင်းကြားပေးဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ...ဆက်သွယ်ဆောင်ရွက်မှုတွေကို ကျနော်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် အကြောင်းကြားထားပါတယ်ခင်ဗျ။
မေး။ ။ ဟုတ်ကဲ့၊ ကိုရန်နိုင်ထွန်းတို့ကိုယ်တိုင်ကလည်း တောင်ကိုရီးယားမှာ နာရေးကူညီမှုအသင်း ဦးစီးဦးဆောင် လုပ်ခဲ့တာတွေရှိပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲခင်ဗျ၊ လူအုပ်ကြီးက လမ်းကျဉ်းကျဉ်းလေးထဲကို စုပြုံတိုးသွားတယ်ဆိုတာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲခင်ဗျ။ ဘယ်လို ဖြစ်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ တကယ်တော့ ဒီဖြစ်ပွါးခဲ့တဲ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့အီတာဝန်ဆိုတဲ့နေရာက နိုင်ငံခြားသားတွေ အစုအဝေးလိုက် သွားရောက်ပြီးတော့ ပျော်ပါးတဲ့နေရာပါ။ အဲဒီနေရာမှာ ဘားတွေရှိတယ်၊ ကလပ်တွေရှိတယ်။ ပြီးတော့ နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကိုလည်း အဲဒီနေရာမှာ အမြဲတမ်းလိုလို ကျင်းပလေ့ရှိပါတယ်။ အဲဒီ - သူကတော့ တလမ်းသွားလမ်းမမျိုး မဟုတ်ဘူးခင်ဗျ-ဘယ်လိုပြောမလဲ၊ တလမ်းတည်းပဲသွားလို့ရတဲ့ ကားလမ်းမလေးတွေပေါ့။ ပြောရမယ်ဆိုလို့ရှိရင် အဲဒီနေရာတွေက တန်ဖိုးကြီးအိမ်ရာနေရာတွေလည်းဖြစ်တယ်။ ပြီးတော့ လမ်းလေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ-ကြားထဲမှာ ဆိုင်လေးတွေလုပ်ထားတယ်။ ဘားတွေဆောက်ထားတယ်။ နိုက်ကလပ်တွေရှိတယ်။ အဲလိုနေရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူအုပ်စုကြီးက အဲဒီလမ်းကြောတခုမှာဆို ပြောရမယ်ဆို ကိုရီးယားရဲ့အသွင်အပြင်နဲ့စာရင် နိုင်ငံတကာအသွင်အပြင်မျိုးကို ဖော်ကျူးထားတယ်ပေါ့လေ။ ဥပမာ-ဥရောပတို့၊ အနောက်တိုင်းတို့ ပုံသဏ္ဍန်တွေဖော်ကျူးထားတဲ့အတွက် အဲဒီလမ်းကြောလေးတွေထဲမှာ လမ်းကြားလေးတွေထဲမှာပတ်သွားပြီးတော့ လူတွေက အဲဒီမှာတော့ တစ္ဆေကြီးပွဲပေါ့လေ- ဒီဇိုင်းအမျိုးမျိုး ဝတ်ထားကြတယ်၊ သရဲ တစ္ဆေပုံဝတ်ထားကြတယ်-အဲလိုမျိုးသွားကြတာပေါ့။
....သွားကြတဲ့အချိန်မှာ ကျနော်တို့သတင်းတွေအရ သိရှိရတာကတော့ ကိုရီးယားနိုင်ငံရဲ့အထင်ကရ နာမည်ကြီးတဲ့ အနုပညာရှင်တဦးက အဲဒီမှာ ဖျော်ဖြေဖို့ရောက်ရှိလာတဲ့အချိန်မှာ သူ့ကို သူ့ထက်ငါအလုအယက်သွားရောက်ပြီးတော့ တွေ့ဖို့ ပြေးသွားတဲ့အချိန်မှာ ခလုတ်တိုက်ပြီးတော့ ရှေ့ကလူကို နောက်ကလူကပိ-အဲလို ထပ်ထပ်..ထပ်ထပ် ပိသွားတယ်လို့ ပြောပါတယ်။
....တချို့ကျတော့လည်းပဲ အဲဒီနေရာမှာလာကြတဲ့လူငယ်တွေအချင်းချင်း ခိုက်ရန်ဖြစ်ပွါးပြီးတော့ ပြဿနာစပြီးတော့ အုပ်စုကြီး ပြိုလဲသွားတယ်လို့ ပြောပါတယ်။
...တချို့ကျတော့လည်း မူးယစ်ဆေးဝါး ဘာ...ညာ လို့ ပြောပါတယ်။ ဒါပေမယ့် အခုချိန်အထိမှာ ဆန်းစစ်တဲ့နေရာမှာတော့ မူးယစ်ဆေးဝါးသုံးစွဲလို့ဖြစ်တယ်ဆိုတဲ့ ဆေးစစ်မှုတွေတော့ လုံးဝ မတွေ့ရှိရပါဘူး၊ မူးယစ်ဆေးဝါး သုံးစွဲတာတော့ မဟုတ်ပါဘူး။ နေရာက တောင်ကုန်းလေး ကုန်းဆင်းနေရာလည်းဖြစ်တယ်ပေါ့လေ- လူအုပ်ကြီးက သူတို့ရဲ့ တွက်ချက်ခန့်မှန်းချက်အရကတော့ တသိန်း သုံးသောင်းကျော် ရှိတယ်လို့ပြောပါတယ်။ အဲဒီလမ်းလေးထဲမှာ ကွေ့ပတ်ပြီးတော့ လမ်းကြိုလမ်းကြားလေးတွေမှာ ကွေ့ပတ်ပြီးတော့ သွားတဲ့ လမ်းကျဉ်းလေးတွေပါ။ သူ့ထက်ငါ အလုအယက်သွားပြီးတော့ မြင်ချင်တွေ့ချင်တဲ့သဘောတွေမှာ အပြေးအလွှားသွားတဲ့အချိန် ရှေ့ကလူအုပ်စုက ပြိုလဲ၊ နောက်ကလူက ထပ်ထပ်..ထပ်ထပ်..လဲပြီးတော့ အောက်ဆုံးမှာတော့ အောက်စီဂျင်ပြတ်တာတို့၊ အသက်ရှူကြပ်တာတို့ဖြစ်ပြီး သေဆုံးမှုတွေအများကြီးဖြစ်သွားတယ်ပေါ့လေ။ ထို့အတူ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
ကိုသိန်းထိုက်ဦး။ ။ မိန်းကလေးက အများစု- မိန်းကလေးက စာရင်းအရဆို ၉၇ ယောက်၊ ဒါတောင်မှ ၁၅၀ ကျော်ထဲမှာ နိုင်ငံခြားသားက ၂၆ ယောက်ပေါ့လေ၊ နောက် ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်လို့ ပြောပါတယ်။ ၃၀ ကျော်၊ ၃၃ ယောက် စိုးရိမ်ရတဲ့အနေအထားမှာလို့ ပြောပါတယ်။ ကိုရန်နိုင်ထွန်း ကျေးဇူးပဲ။ စကားပြောခွင့်ရတာလည်း ဝမ်းသာပါတယ်ခင်ဗျ။
Your browser doesn’t support HTML5
==============
[[Unicode]]