H1N1 တုပ်ကွေးနှိမ်နင်းရေး WHO ကိုမြန်မာပန်ကြား

H1N1 တုပ်ကွေးပိုးစမ်းသပ်နေစဉ်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ H1N1 တုပ်ကွေးရောဂါ စစ်ဆေးစမ်းသပ်တဲ့ ကိရိယာတွေနဲ့ ဆေးဝါးတွေကို အကူအညီပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောတာကို AFP သတင်းတပုဒ်မှာ ကိုးကားဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ WHO ကို ပန်ကြားတာမှာ ချက်ခြင်း အကြောင်းပြန်ချက်မရသေးဘူးလို့လဲ AFP ကရေးပါတယ်။

လက်ရှိချိန်ထိဆိုရင် H1N1 ရောဂါပိုးကူးစက်ခံထားရသူ အယောက် ၃၀ ထက်မနည်း ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၆ ဦးရှိသွားပါပြီ။ သေဆုံးသူတွေဟာ ဒီ H1N1 ရောဂါပိုးကြောင့် သေဆုံးတာလားဆိုတာ အတိအကျ မပြောနိုင်ပေမဲ့လဲ သေဆုံးသူတိုင်းမှာတော့ ဒီ ရောဂါပိုးက ရှိနေတာပါ။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီ H1N1 ရောဂါပိုး ကူးစက်ခံရတဲ့ဖြစ်ရပ်ပေါင်း ၄၅၆ ခုရှိတယ်ဆိုတာ ကျန်းမာရေးဌာနက မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် ထားဝယ်မြို့မှာလဲ ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ထားတဲ့အတွက် ကြက်ကောင်ရေးပေါင်း ၁,၀၀၀ ကျော်ကို သတ်ပစ်ခဲ့ရပြီး ကျောင်းတွေကိုလဲ ဇူလိုင်လကုန်ပိုင်းထိ ပိတ်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ H1N1 ရောဂါပိုး ကူးစက်ပြန့်ပွားနေတယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံကို ခရီးသွားမယ့်သူတွေ အထူးသတိထားဖို့၊ ခရီးမထွက်ခင်မှာ ကိုယ့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးဌာနက သတိ ပေးချက်ထုတ်ပြန်ထားတာကို ခရီးသွားလာရေးဆိုင်ရာ အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ travelweekly.co.uk မှာ ဖော်ပြထား ပါတယ်။

Your browser doesn’t support HTML5

H1N1 တုပ်ကွေးနှိမ်နင်းရေး WHO ကိုမြန်မာပန်ကြား