နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူး ချိန်မှာ နိုင်ငံတကာ မှာရော မြန်မာနိုင်ငံ တဝန်းလုံး မှာပါ တဦးနဲ့ တဦး ကောင်းကျိုး အဖြာဖြာပြည့်စုံပါစေကြောင်း အပြန်အလှန် ဆုမွန်ကောင်းတွေ တောင်းပေးတဲ့ အစဉ်အလာ အတော်လေး ထွန်းကား လာပါတယ်။ မြန်မာနိုင်ငံ အတွက်ဆိုရင် ၂၀၁၆ ခုနှစ်ဟာ အပြောင်းအလဲ ကို ဖော်ဆောင်ပြီး ဒီမိုကရေစီ သမိုင်းမှတ်တိုင်သစ် တင်မယ့် နှစ်တနှစ်ဖြစ် လိမ့်မယ်လို့ နိုင်ငံတကာက မျှော်လင့်နေကြပါတယ်။ ၂၀၁၆ နှစ်သစ် အတွက် မြန်မာနိုင်ငံ အနာဂတ်ရေး အတွက် အကောင်းဆုံး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံက ထိပ်တန်း ခေါင်းဆောင်တွေက သူတို့ရဲ့နှစ်သစ် သဝဏ်လွှာ အသီးသီးမှာ ထည့်သွင်းပြောကြား သွားတာ တွေ့ရပါတယ်။ သမ္မတဦးသိန်းစိန်က သူ့ရဲ့ နှစ်သစ်သဝဏ်လွှာထဲမှာ အခုလို တိုက်တွန်းပြောကြားသွားပါတယ်။
"၂၀၁၆ ခုနှစ်ဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရရော အခွင့်အလမ်းကောင်း များကို ဖန်တီးပေး လျှက်ရှိနေတယ်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုအပ် ဘူးလို့ ကျွန်တော့် အနေနဲ့ ယုံကြည် မိပါတယ်။ သို့သော်လည်း အခွင့်အလမ်းတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက် သာမာန်ကြိုးစားမှုမျိုးနဲ့ မရနိုင်ဘူးဆိုတာကိုလည်း သတိချပ်စေလိုပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံသား တစ်ဦးချင်းစီတိုင်း လွတ်လပ်မှု အပြည့်အဝ ရရှိပြီး ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှ ရရှိရေး၊ ပိုမို ကောင်းမွန်တဲ့ မိသားစုဘဝများကို တည်ဆောက်နိုင်ရေး ဆိုတဲ့ ကိစ္စရပ်များမှာ သာမာန်ပြည်သူ တစ်ဦး ထက် ပိုမိုပြီး နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်ဖို့ လိုပါတယ်။
မိမိတစ်ဦးချင်း အတွက်သာမက မိမိ မျှော်မှန်းထားတဲ့ နိုင်ငံတော် တစ်ရပ်ကို တည်ဆောက်နိုင်ရေးဆိုတဲ့ အမြင်မျိုးနဲ့ ကျရာကဏ္ဍကနေ နိုင်ငံသားကောင်း စိတ်ဓာတ်နဲ့ ကြိုးပမ်းရုန်းကန်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုစိတ်ဓာတ် ခွန်အားများ နဲ့ နိုင်ငံသား တစ်ဦးချင်းစီက ကြိုးပမ်း အားစိုက်ကြမယ် ဆိုရင် ၂၀၁၆ ခုနှစ် တစ်နှစ်တည်းနဲ့ ကျွန်တော်တို့ နိုင်ငံဟာ ဆယ်စုနှစ်တစ်စုစာ တိုးတက်မှုများကို ခုန်ကျော် ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူ တစ်ဦးချင်းစီ အနေနဲ့ လာမယ့် ၂၀၁၆ ခုနှစ်ကို အမှုမဲ့၊ အမှတ်မဲ့ဖြတ် သန်းခြင်း မပြုဘဲ သာမာန်ထက်ပိုတဲ့ စဉ်းစားတွေးခေါ်မှု၊ ကြိုးစား အားစိုက်မှုများ နဲ့အတူ ဖြတ်သန်းကြဖို့အလေးအနက်ထား တိုက်တွန်း လိုပါတယ်။"
အလားတူပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ပြည်သူတွေကို အခုလို ဆုတောင်းပေးပါတယ်။
"၂၀၁၆ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမယ့် ထူးခြားတဲ့နှစ် တစ်နှစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ တိုင်းပြည် အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ် လာမယ့်အစိုးရ၊ ပြည်သူလူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေး တာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင်သွားမှာပါ။
၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့အတွက် တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူတို့နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ အလေးအနက်ထား ပြောကြားလိုပါတယ်။"
၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး အခု ၂၀၁၆ခုနှစ် မတ်လကုန်၊ ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် ဆက်လက် တာဝန် စတင်ယူမှာဖြစ်ပါတယ်။
အစိုးရသစ်ခေါင်းဆောင်ဖြစ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကို တိုက်တွန်းချက်ကတော့ - ဒီလိုပါ။
"နှစ်သစ်ကူးအချိန်မှာဆိုရင် အသိမိတ်ဆွေတွေကြားမှာ လက်ဆောင် ပဏ္ဍာတွေပေးတဲ့ လူတွေ ရှိကြပါတယ်၊ ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူးကာလမှာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ ပြည်ထောင်စုအတွက် ဘာများ မင်္ဂလာနှစ်သစ်ကူး လက်ဆောင်တွေ ယူလာခဲ့ကြမလဲဆိုတာ တစ်ယောက် ချင်းစဉ်းစားစေချင်ပါတယ်။ နိုင်ငံမှာ ဘာလိုအပ်သလဲ၊ ငြိမ်းချမ်းရေး လိုအပ်တယ်၊ ညီညွတ်ရေးလိုအပ်တယ်၊ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်တယ်။
ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ပြည်သူပြည်သား၊ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်းမှာ လုပ်ပိုင်ခွင့်ရှိသလို လုပ်နိုင်တဲ့ စွမ်းရည်တွေ လည်း ရှိတယ်လို့မြင်ပါတယ်၊ ဒါကြောင့် အခုနှစ်သစ်အတွက် စကားတစ်ခု ပါးရမယ်ဆိုရင် ဒီနှစ်သစ်မှာ ဘာ မင်္ဂလာလက်ဆောင်တွေ များ နိုင်ငံနှင့်ပြည်ထောင်စု အတွက် ယူခဲ့ကြမလဲဆိုတာကို နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းစီ စဉ်းစားကြပါ၊
အခုဒီနှစ်ကုန်ဖို့အတွက် ရက်ပိုင်းပဲ ကျန်ပါ တော့တယ်၊ ဒီရက်ပိုင်းအတွင်းမှာ အရင်နှစ်က လုပ်ဆောင်ချက်တွေကို သုံးသပ်ပြီး အဲဒီသုံးသပ်ချက်အပေါ်မှာ အခြေခံပြီး ဘာတွေ ဆက်ပြီး လုပ်ဖို့လိုအပ် သလဲဆိုတာ စဉ်းစားကြပါ၊ နိုင်ငံအတွက် အလုပ်လုပ်တယ် ဆိုတာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်လို့ မရှိပါဘူး။ အားလုံးက ဆက်ပြီးတော့ တစ်နှစ်နှင့် တစ်နှစ်တောင်မဟုတ်ဘူး၊ တစ်ရက်နှင့် တစ်ရက် လုပ်နေရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ပြည်သူ၊ ပြည်သားများ၊ ကိုယ့်နိုင်ငံ ကိုယ့်ရဲ့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ သာယာငြိမ်းချမ်းရေး အတွက် မှန်ကန်တဲ့ လက်ဆောင်ပဏ္ဍာများ ယူခဲ့နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။"
အခုလို နိုင်ငံ့ခေါင်းဆောင်တွေက တောင်းခဲ့တဲ့ဆုတွေ ၂၀၁၆ မှာ ပြည့်ဖို့ကိုလည်း ကျမတို့ ဗွီအိုအေမြန်မာဝိုင်းတော်သားတွေက ထပ်ဆင့် ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
အပြည့်အစုံကို အသံဖိုင်မှာလည်း နားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5