ဂရိနိုင်ငံမှာ အရှိန်မြန်မြန်နဲ့ ပျံ့နှံခဲ့တဲ့ မီးလောင်မှုကြောင့် အနည်းဆုံး ၇၄ ဦး သေဆုံးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကတော့ မီးလောင်ထားတဲ့ ကားတွေနဲ့ အိမ်တွေကို ဆက်ပြီး စစ်ဆေးရှာဖွေနေကြပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ဟာ တနိုင်ငံလုံး ဝမ်းနည်းကြေကွဲဖွယ်နေ့လည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Alexis Tsipras က မနေ့ အင်္ဂါနေ့မှာ တနိုင်ငံလုံး ဝမ်းနည်းကြေကွဲဖွယ် နေ့ အဖြစ် သုံးရက်တာ သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အေသင်မြို့တော် အနီးက Rafina ဆိပ်ကမ်း အနီးမှာ အဆိုးရွားဆုံး မီးပျံ့နှံလောင်ကျွမ်းခဲ့တာမှာ လူအများအပြားကတော့ ပင်လယ်ကမ်းခြေဘက်ကို ထွက်ပြေးပြီး မီးဘေးလွတ်ဖို့ ပင်လယ်ထဲကို ဆင်းခဲ့ကြရပါတယ်။
လူပေါင်း ၇၀၀ ကျော်ကို မော်တော်ဘုတ်တွေနဲ့ ကယ်တင်ခဲ့ရတာပါ။ လူပေါင်း ၂၀၀ နီးပါးကို ဆေးရုံတွေမှာ ကုသပေးနေရပြီး အများစုကတော့ မီးလောင်ဒဏ်ရာ ရထားတာပါ။ ပျောက်ဆုံးသူ အရေအတွက်ကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေမှာ လေပြင်းတာကြောင့် မီးက မြန်မြန် ပျံ့နှံ့ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးကြွင်း မီးကျန်တွေကို မီးသတ်သမားတွေ ငြှိမ်းသတ်နေရဆဲ ဖြစ်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ မိုးရွာနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင်တို့က ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5