ကောက်ပဲသီးနှံ အခြောက်ခံစက်သုံးသင့်သလား

Myanmar Rice - Pioneer Flatbed Dryer (Shwebo, Rice Dryer 2018 January)

Your browser doesn’t support HTML5

ကောက်ပဲသီးနှံ အခြောက်ခံစက်သုံးသင့်သလား

ကောက်ပဲသီးနှံတွေ စိုက်ပျိုးသလောက် အရာရောက်အောင်လုပ်ဆောင်ရာမှာ အစိုဓါတ်ကြောင့် မပျက်စီးစေဖို့ အချိန်မီခြောက်သွေ့အောင်လုပ်ရေးဟာ သိပ်ကိုအရေးပါတဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

စိုက်ပျိုးရေးမှာ စိုက်ပျိုးမြေကထွက်လာတဲ့ ကောက်ပဲသီးနှံတွေကို တာရှည်ခံအောင်၊ မပျက် စီးအောင်၊ မှိုမတက်အောင် အခြောက်ခံကြပါတယ်။ ဒီလို အခြောက်ခံတဲ့နေရာမှာ သဘာဝ အတိုင်းဖြစ်စေ သဘာဝမဟုတ်တဲ့ စက်ကိုသုံးတာကဖြစ်စေ နှစ်မျိုးစလုံးမှာ ကောင်းကျိုး ဆိုးကျိုးတွေ ရှိနိုင်တာမို့ သင့်လျော်တဲ့နည်းကိုသုံးပြီး တာရှည်ခံအောင် လုပ်လေ့ရှိကြ ပါတယ်။ ကောက်ပဲသီးနှံတွေရဲ့ သဘာဝပေါ်မူတည်ပြီး ခြောက်သွေ့အောင် လုပ်ရတဲ့ စံနစ်တွေကလည်း ကွဲပြားတယ်လို့ သီးနှံစုံ အခြောက်ခံစက်ထုတ်လုပ်တဲ့ Pioneer Agrobiz ကုမ္ပဏီက ဦးမျိုးအောင်ကျော်က ပြောပါတယ်။

ဦးမျိုးအောင်ကျော်။ ။ “ဘယ်သီးနှံမဆို ရိတ်တဲ့သိမ်းတဲ့အချိန်မှာ တော်တော်များများက အစိုဓါတ် မြင့်မားတာပေါ့။ သူ့ကို တာရှည်ခံဖို့အတွက် လိုအပ်တဲ့အစိုဓါတ်ရောက်အောင် ချပြီးမှသာလျှင် သူက တာရှည်လည်း ထားလို့ရသလို အသိုလှောင်လည်း ခံတာပေါ့။

အဲဒီနေရာမှာ သဘာဝပေါ်မူတည်ပြီးတော့ ခြောက်တဲ့စံနစ်တွေကလည်း မတူဘူးခင်ဗျ။ ဥပမာ ဝဥ တို့ ဘာတို့ဆိုရင် ချင်းပြည်နယ်ကလည်း တော်တော် ထွက်နေပြီ။ ဝဥက ကျွန်တော်တို့ တိုင်းပြည်ထဲမှာ နေရာတော်တော်များများကလည်း ရနေပြီ။ အဲဒီ ဝဥ ကျတော့ ကျွန်တော်သုံးနေတဲ့ Flatbed type လို့ ခေါ်တဲ့ အခြောက်ခံစက်နဲ့က အဆင်မပြေဘူး။ သူတို့ကျတော့ နေရောင်ရဲ့အပူချိန်လို သဘာဝကို တဖက်က ပလပ်စတစ်အိမ်တွေနဲ့ သေချာစံနစ်တကျ ဒီဇိုင်းတွေနဲ့ လုပ်ပြီးတော့ သူတို့အထဲမှာ ချွေးမပျံအောင် ပြုလုပ်ပြီးတော့ ကျွန်တော်တို့ ပန်ကာတွေနဲ့ လေလှည့်တဲ့ စံနစ်တွေနဲ့ လိုအပ်ရင် အပူတွေဖြည့်တဲ့ဟာမျိုးပေါ့နော်။ မီးဖိုတွေနဲ့ အပူငွေ့ပေးတာတို့ ဒါမျိုးတွေ လုပ်ပြီးတော့ ခြောက်တဲ့စံနစ် ထဲက တမျိုးပေါ့နော်။

နောက်ပြီး ငရုပ်သီးခြောက်တဲ့ဟာမျိုးပေါ့နော်။ ကျွန်တော်တို့ ဒီဘက်ပိုင်းကျတော့ Flatbed လို စက်မျိုးပေါ့နော်။ အဲဒါမျိုးကျတော့ စပါးတို့၊ ပြောင်းတို့၊ ပဲပုပ်တို့ နောက် ကော်ဖီစေ့တို့ နှမ်းတို့ အဲဒါမျိုးတွေကျတော့ ကျွန်တော်တို့ သီးနှံစုံအခြောက်ခံစက်တွေနဲ့ ခြောက်လို့ရတယ်။ နောက် မြေပဲ လည်း ရတယ်ပေါ့။ အဲဒီနေရာမှာ ဆီပါတဲ့သီးနှံတွေ ကျတော့ သူက နည်းနည်း သတိထားရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဆီပါဝင်မှု ကြောင့်- ဥပမာ ဆီထွက်နှုန်းမကျအောင်၊ နောက်ပြီး တာရှည်ခံဖို့အတွက် ဆီပါတဲ့ ပစ္စည်းလေးတွေအတွက်က တာရှည်ခံဖို့ ဘယ်လို အစိုဓါတ်ထားရမလဲ ဆိုတဲ့ ဟာလေးတွေကို ဂရုစိုက်ရတာပေါ့။

နောက် - စပါးတို့ ဘာတို့ကတော့ နည်းနည်း အတိမ်းအစောင်းခံတယ်။ နောက် ပြောင်း လည်း မဆိုးပါဘူး၊ ဒါလုပ်လို့ ရတယ်။ အဲဒီတော့ ဒီသီးနှံအလိုက် အကုန်လုံးက စပေါ်တဲ့ အချိန်မှာ အစိုဓါတ် မြင့်မားပေမယ့် အချိန်နဲ့ တပြေးညီ လျှင်လျှင်မြန်မြန် ခြောက်မှသာ လျှင် သူ့အရည်အသွေးအတိုင်း ရပါတယ်။”

သူ့အချိန်နဲ့သူ မြောက်သွေ့အောင်မလုပ်နိုင်ရင် နောက်ဆက်တွဲ ကြုံရမယ့် ဆိုးကျိုးတွေ ထဲမှာ ကြောက်စရာကောင်းတာ တခုက မှိုအန္တရာယ်ပါ။

ဦးမျိုးအောင်ကျော်။ ။ “ပြောင်းတို့ဘာတို့ ဆိုရင် အချိန်တိုတိုအတွင်းမှာ နှစ်ရက်၊ သုံးရက် အတွင်းမှာ သူ့ကို သေသေချာချာ မခြောက်နိုင်တာနဲ့အမျှ မှိုတက်တယ်။

အဲဒီမှိုတက်ပြီဆိုတာနဲ့ အဲဒီမှိုက အယ်လ်ဖလာတော့ဆင် (aflatoxin) လို့ခေါ်တဲ့ မှိုဆိပ် ပေါ့နော်။ အဲဒါမျိုး ထုတ်တဲ့အခါကျတော့ ဒီပြောင်းရဲ့အရည်အသွေးကို အများကြီး ထိခိုက်သလို ဒီပြောင်းကို ကြိတ်ခွဲပြီး တော့ တိရစ္ဆာန်အစာအဖြစ်စားတဲ့ ကြက်တွေ ဝက်တွေမှာ ဖြစ်မယ်။ နောက် အဲဒီကတဆင့် လူကို ထပ်ပြီးတော့ ဒုက္ခပေးနိုင်တယ်။ အဲဒါကြောင့်မို့ ကျန်းမာရေးရှုဒေါင့်ကလည်း အလွန် သတိထား ဖို့ လိုပါ တယ်။ နောက် စပါးဆိုလည်း ဒီလိုပါပဲ။ နှစ်ရက်သုံးရက်အတွင်းမှာ သေသေချာချာ မခြောက် ရင် သူက တခါတည်း ဆန်ကဝါမယ်၊ နောက် အထဲမှာ မှိုတွေပေါက်လာမယ်။ အဲဒီမှိုသည်လည်း ခုနကပြောသလို aflatoxin မှိုဆိပ်ဖြစ်မယ်။ အဲဒီမှိုကြောင့် လူကျန်းမာရေးကို ထိခိုက်တာ ပေါ့။

နောက်အဲဒီလို သေချာစံနစ်တကျ မကိုင်တွယ်ထားတဲ့ ပစ္စည်းတွေ နိုင်ငံတကာဈေးကွက် ပို့ရင်လည်း ဟိုဘက်မှာ စစ်ဆေးတဲ့အခါကျရင် မှိုဆိပ်တွေဘာတွေ ပါလာတဲ့အခါကျရင် ဒီသီးနှံသည် လက်ခံလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အရမ်းသတိထားရပါတယ်။”

ကောက်ပဲသီးနှံမျိုးစုံမှာ မြန်မာနိုင်ငံနဲ့ကိုက်တဲ့သီးနှံကို သူ့အရပ်အလိုက် ဘယ်အရပ်မှာ ဘယ်လို သီးနှံကို အခြောက်ခံစက်သုံးပြီး ဘယ်လိုတာရှည်ခံအောင် လုပ်သင့်တယ် ဆိုတာ အကြံပေးပါ။

ဦးမျိုးအောင်ကျော်။ ။ “ဟုတ်ကဲ့။ ဒီစပါးဆိုရင်တော့ နေရာဒေသ စပါးကတော့ အရမ်း အရေးကြီးတဲ့ ပင်မ ကောက်ပဲသီးနှံ major crop ပေါ့နော်။ ပြီးရင် ဒုတိယအဆင့် ကတော့ ပြောင်း။ ပြောင်းဆိုရင် ရှမ်းပြည်တဒေသလုံးလိုလို၊ ရှမ်းတောင် ရှမ်းမြောက် အကုန်လုံးထွက်တယ်။ ကယားထွက်တယ်။ နောက်ကရင်ပြည်နယ်မှာလည်း စိုက်တာ တွေ ရှိပါတယ်။ အခုဆိုရင် ပြီးခဲ့တဲ့နှစ်တွေက မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက် ကို့ယို့ ကားယား ဖြစ်သွားတော့ တချို့ဆို ပြောင်းကို ပြောင်းပြီးစိုက်ဖို့ ဒေသတွေမှာ စဉ်းစား လာ ကြတယ်။ နောက် စစ်ကိုင်းတိုင်းတွေမှာ ဆိုရင်လည်း ပြောင်းကို ပြောင်းပြီး စိုက်လာကြတယ်။”

“နောက်တခုက ပဲပုပ်။ ဒါအလားအလာရှိတဲ့ သီးနှံတွေပေါ့နော်။ ပဲပုပ်ဆိုရင်လည်း နေရာဒေသ တော်တော်များများက စိုက်နိုင်တဲ့အလားအလာ ရှိပါတယ်။ လက်ရှိကတော့ ကျွန်တော်တို့ ရှမ်းတောင် ရှမ်းမြောက်မှာတော့ ပဲပုပ်ကို တော်တော်လေးစိုက်တယ်။ နောက် ကချင်ပြည်နယ်မှာ စိုက်ပါတယ်။ အဲဒီ ပဲပုပ်ဆိုရင် ပဲပုပ်ရိတ်သိမ်းတဲ့အချိန်က အများအားဖြင့် ၇ လပိုင်း ၈ လပိုင်းဖြစ်တဲ့အတွက် အဲဒီ ဒေသတွေမှာ မိုးမလွတ်ပါဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်ကျော်လောက်က အမေရိကန်အဖွဲ့ အစည်းတခုဖြစ်တဲ့ Winrock International နဲ့ ကျွန်တော် ပူးပေါင်းပြီးတော့ ရှမ်းပြည် နယ်က ၄ မြို့နယ်မှာ ကျွန်တော်တို့ သီးနှံစုံအခြောက်ခံစက်လေးတွေ လိုက်တည်ပေး ပါတယ်။ သူတို့ ကျတော့ ပိုင်းလော့ ပရောဂျက်ဖြစ်တဲ့အတွက်ကြောင့် စီးပွါးဖြစ်တော့ မဟုတ်ဘူး။ သူတို့ တောင်သူတွေ ကို ပံ့ပိုးပေးတာပေါ့နော်။ ပံ့ပိုးပေးရင်းနဲ့ အဲဒီမှာ လုပ်ငန်းရှင်တချို့က မြင်သွားတော့လည်း ကျွန်တော် တို့ရဲ့ အခြောက်ခံစက်တွေကို ပြောင်းတို့၊ ပဲပုပ်တို့၊ စပါးတို့အတွက်ကို သူတို့ လုပ်ငန်းတွေအပ်ရင်းနဲ့ အခုဆို တချို့ လုပ်ငန်းရှင်တွေအတွက် စီးပွါးဖြစ်အကြီးစားအရွယ်တွေ ကျွန်တော်တို့ ဆောက်ပေး နေရတာတွေ ရှိပါတယ်။”

အခုလို ကောက်ပဲသီးနှံ အခြောက်ခံစက်တွေ သုံးပြီး စိုက်ပျိုးရေးကဏ္ဍမြင့်မားအောင် လုပ်နေချိန်မှာ တချို့ စိုက်ပျိုးကောက်နှံတွေအတွက် အလေအလွင့်မရှိအောင် သတိထားရမှာတွေ ရှိပါတယ်။

ဦးမျိုးအောင်ကျော်။ ။ “နှမ်းဆိုလည်း ခြောက်လို့ရတယ်။ နှမ်း က တခုရှိတာကတော့ ကော်မာရှယ် စကေးတော့ အများကြီးလုပ်တာထက် တနိုင်တပိုင်ပေါ့နော်။ ဘာကြောင့် လဲဆိုတော့ တဧကမှာ နှမ်းကလည်း ဘယ်လောက်မှ မထွက်ဖူးခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ သူက အစေ့ကလည်း သေးတော့လေ။ အဲဒီနှမ်းမှာ အကန့်အသတ်တခုက ကွင်းထဲမှာတင်ထောင်ပြီးတော့ သူတို့က ခြောက်ကြတယ်။ မိုးနည်းတဲ့ ဒေသဖြစ်တဲ့ အခါကျတော့ ကွင်းထဲမှာပဲ သဘာဝလေ၊ သဘာဝနေနဲ့ပဲ သူတို့က ခြောက်တယ်။ အဲဒီတော့ နှမ်းက မိုးများမိတဲ့အခါကျတော့ နှမ်းရဲ့ အရည်အသွေးတွေက ကျသွားရော။

ရှင်းရှင်းပြောရရင် နှမ်းက ပြည်ပပို့ကုန်ထဲမှာ အလားအလာရှိတဲ့ သီးနှံဖြစ်ပေမယ့် ခုနလို စံနစ်တကျ မကိုင်တွယ်ခဲ့ရင် ဒီနှမ်းသည် ဘယ်လိုမှ ရောင်းလို့ မရတော့ဘူး။ နောက် တခုက သူက ဆီပါတဲ့ အတွက်ကြောင့် အလွယ်တကူ ဆီဂျီးစော်နံတတ်တယ်။ အဲဒီ သဘောမျိုး ဖြစ်သွားတဲ့အခါကျတော့ နိုင်ငံတကာ ဈေးကွက်ကို တန်း မဝင်တော့ဘူး။ အဲဒီတော့ နှမ်းတွေကိုလည်း လိုအပ်ရင် သူ့ အစိုဓါတ်ကို ရာသီဥတု ဆိုးတဲ့အချိန်မှာ ခြောက်ဖို့အတွက် အခြောက်ခံစက်တွေ သုံးလို့ ရပါတယ်။

နောက်ကော်ဖီသည်လည်း အလားအလာရှိတဲ့ ကုန်ပစ္စည်းပါပဲ။ ကော်ဖီကျတော့ မီးဖိုကို စံနစ်တကျ ပုံစံတမျိုးနဲ့ ပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီက မီးခိုးစော်နံလို့ မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီမီဖိုမှာ လေကိုပေးတဲ့ စံနစ်မျိုးပေါ့နော်။ indirect heated စံနစ်နဲ့ ပေးရပါတယ်။ နောက် ပဲပုပ်ဆိုရင်လည်း အဲဒီလိုပါပဲ မီးဖိုဒီဇိုင်းကတမျိုး သုံးပါတယ်။ နောက် ပြောင်းဆိုလည်း မီဖိုဒီဇိုင်းက တမျိုးသုံးပါတယ်။ အဲဒီလိုနည်းနဲ့ သီးနှံအလိုက် လုပ်လို့ ရပါတယ်။

နောက်တခုက ပဲတီစိမ်းလိုပဲမျိုးကျတော့ ကျွန်တော်တို့ အညာဒေသ မြေလတ်ပိုင်းတွေ မှာ မိုးမှာ သူတို့က ဇွန်- ဇူလိုင်မှာ ထွက်တယ်။ ဥပမာ မကွေးတိုင်း အောင်လံဘက်တွေ၊ နေပြည်တော် တပ်ကုန်းလို ဒေသမျိုးတွေမှာ မိုးဦးကာလမှာ ထွက်တဲ့ အခါကျတော့ တချို့ဆိုရင် မိုးမလွတ်ဖူး။ မလွတ်တဲ့အခါကျတော့ ဒီပဲတီစိမ်းက လှလှပပ စိမ်းစိမ်းစိုစို ရှိရမယ့်အစား အရောင်တွေ ပျက်ပြီးတော့ ခြောက်မရ ပြုမရနဲ့ ဈေးကောင်း မရတော့ဘဲ နဲ့ တောင်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်ရတာတွေလည်း တွေ့ပါတယ်။

တောင်ငူဒေသဘက်မှာတော့ ချဉ်ပေါင်ဖာလာ ဆိုပြီးတော့ ရှိပါတယ်။ နောက် နမ့်ဆမ် ဘက်မှာဆိုရင် ဂျင်းတွေကိုလည်း ခြောက်ပါတယ်။ သူလည်း အလုပ်လုပ်လို့ ရပါတယ်။ ငရုပ်သီးဆိုရင်လည်း မိုးမလွတ်တဲ့ ကာလတွေ ခြောက်လို့သွေ့လို့ ခက်ခဲတဲ့အခါကျရင် ဒီငရုပ်သီးက အချိန်နဲ့ တပြေးညီ အင်မတန် မှိုတက်လွယ်တာပေါ့။ အဲဒါမျိုးကျတော့ ကျွန်တော်တို့ ဒီ ဆိုလာ tank တွေလို အခြောက်ခံ စက်တွေနဲ့ စံနစ်တကျ အခြောက် ခံရင် မှိုဆိပ်မဖြစ်တဲ့ငရုပ်သီးတွေရအောင် ကျွန်တော်တို့ လုပ်ပေးလို့ ရပါတယ်။”

ဦးမျိုးအောင်ကျော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။