ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာ ၅ သိန်းကျော်ရှိ

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက လူပေါင်း ၄၅ သန်းကျော်တို့ဟာ ပုံစံမျိုးစုံနဲ့ ခေတ်သစ် ကျေးကျွန်ပြုခံနေရတယ်လို့ ကမ္ဘာတဝန်း ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွှန်းကိန်း - Global Slavery Index အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

အာရှ ပစိဖိတ်ဒေသတွင်း ကျွန်ပြုခိုင်းစေခံရမှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား အများစုကို ကျွန်ပြုခိုင်းစေနေတဲ့ အခြေအနေကိုလည်း အစီရင်ခံစာက ထောက်ပြပါတယ်။ ကမ္ဘာတလွှား ကျွန်ပြုခိုင်းစေခံရမှု ပိုပြီး ဆိုးရွားလာတဲ့ အနေအထားမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတဲ့ အခြေအနေကိုတော့ မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

လူကုန်ကူးခံရမှု၊ အဓမ္မခိုင်းစေခံရမှု၊ အကြွေးဒဏ်ပိတာနဲ့ အလိုမတူဘဲ ဖိအားပေး လက်ထပ်ခိုင်းမှုတွေ ဒါမှမဟုတ် စီးပွားဖြစ် လိင်ကုန်ကူး ခေါင်းပုံဖြတ် ခိုင်းစေမှု ပုံစံအမျိုးမျိုးနဲ့ ကျွန်ပြုခိုင်းစေခံနေရတဲ့ ကမ္ဘာတလွှားက ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ အမျိုးသား ၄၅ ဒဿမ ၈ သန်း ရှိနေပြီး အရင်ကထက်စာရင် ၂၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာတဝန်း ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွှန်းကိန်း - Global Slavery Index က ဖော်ပြလိုက်ပါတယ်။ သြစတြေးလျအခြေစိုက် Walk Free Foundation က ဒီအစီရင်ခံစာကို ပြုစုခဲ့တာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်ကို ငြင်းပယ်နိုင်ခွင့်၊ ထွက်ခွာသွားနိုင်ခွင့် မရှိတဲ့ အခြေအနေမျိုးကို ကျွန်ပြုခိုင်းစေခံရခြင်း ဖြစ်တယ်လို့ Walk Free Foundation ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Fiona David က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပြီး အာရှပစိဖိတ် ဒေသတွင်း ဆိုးရွားလှတဲ့ အခြေအနေကိုလည်း အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

“အတင်းအဓမ္မ ခိုင်းစေခံရတာမျိုး၊ အလိုမတူဘဲ ဖိအားပေး လက်ထပ်ခိုင်းတာမျိုး တို့လို ပုံစံအမျိုးမျိုးနဲ့ ခေတ်သစ် ကျေးကျွန်ပြု ခိုင်းစေခံရသူ အရေအတွက်က ထင်မှတ်မထားလောက်အောင် များပြားလှတာကို ကျမတို့ တွေ့ရပါတယ်။ ဒီထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံလည်း ပါဝင်ပြီး လူပေါင်း ၁ သန်းခွဲလောက်ဟာ အဓမ္မ ခိုင်းစေခံရတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကမ္ဘာတလွှားကို အဝတ်အထည်တွေ အများဆုံး ချုပ်လုပ်တင်ပို့နေတဲ့ နိုင်ငံတခု ဖြစ်နေလို့ပါ။ ကမ္ဘောဒီးယား နိုင်ငံမှာလည်း အလားတူ အခြေအနေမျိုး ရှိနေပြီး လူပေါင်း ၂ သိန်းခွဲလောက် အဓမ္မ ခိုင်းစေခံနေရပါတယ်။ တချို့ကတော့ ပုဂ္ဂလိက အိမ်တွေမှာ အလုပ်လုပ်ကြရတဲ့ အိမ်အကူတွေဖြစ်ပြီး ကျွန်ပြုခိုင်းစေခံရမှု အများဆုံး အစုအဖွဲ့ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူ အချိုးအစားကလည်း ကမ္ဘောဒီးယားမှာ များပါတယ်။

ကမ္ဘာပေါ်မှာ ကျွန်ပြုခိုင်းစေခံရတဲ့ လူဦးရေ အဆင့်အတန်းမှာတော့ မြန်မာနိုင်ငံ လူဦးရေ ၅ သိန်း ကျော်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေမှာ ကျွန်ပြုခိုင်းစေခံနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကိုလည်း အစီရင်ခံစာက ထောက်ပြပါတယ်။ ထိုင်းနိုင်ငံတွင်း ငါးဖမ်းလုပ်ငန်းတွေမှာ အခကြေးငွေမပေးဘဲ ခိုင်းစေခံနေရသူတွေကို ဆက်တိုက် ကယ်တင်ပေးနေရတာဖြစ်ပြီး အခြေအနေက ဆိုးရွားနေဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။

“သူတို့ထုတ်တာထက် အစပေါင်းများစွာ ရှိနေတယ်လို့ ကျနော်ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စီချွန်ခရိုင် ခနွန်ငါးဖမ်းလေဆိပ်မှာ ၁ နှစ်ကနေ ၃ နှစ်နဲ့ ၄ လအထိ ရောင်းစားခံနေရတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က သွားရောက်ပြီး ကယ်တင်ခဲ့တယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံမှာ နာမည်ကြီး ပင်လယ်ဆိပ်ကမ်း အပန်းဖြေစခန်းဖြစ်တဲ့ ဖူးခက်ကမ်းခြေမှာ အခန်းတခန်းထဲမှာ ပိတ်လှောင်ထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၃၂ ယောက်ကို ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်။ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းကယ်ဆယ်ရေး စခန်းထဲမှာရှိတယ်။ ချောင်းသမေးစံလှေဆိပ်ကလည်းပဲ တလတလကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် အမြဲတမ်း ကယ်ထုတ်နေရတယ်။ ကျနော် သိရှိလေ့လာသလောက်ဆိုရင် ကျနော်တွေ့ဖူးသလောက် ကယ်ထုတ်တဲ့ အတွေ့အကြုံတွေအရ ပြောမယ်ဆိုလို့ရှိရင် ထိုင်းငါးဖမ်းလှေတွေပေါ်မှာရှိတဲ့ ၉၇% လောက်က လူကုန်ကူးခံကြရတဲ့ မြန်မာအလုပ်သမားတွေဖြစ်တယ်။”

ခေတ်သစ် ကျွန်ပြုခိုင်းစေခံရသူ အများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတို့ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြပါတယ်။ ဒီအစီရင်ခံစာရဲ့ ရည်ရွယ်ချက်ကတော့ ကျေးကျွန်ပြု ခိုင်းစေခံရသူတွေရဲ့ အခြေအနေကို လူအများသိရှိပြီး ထိရောက်တဲ့ မူဝါဒတွေ တားဆီး ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့လည်း အစီရင်ခံစာကို ထုတ်ဝေတဲ့ Walk Free Foundation က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ကျွန်းပြုခိုင်းစေမှုဆိုင်ရာ အညွှန်းကိန်း