ကုလသမဂ္ဂအဖွဲ့ကြီးက လူသားချင်းစာနာမှုအတွက် စံချိန်တင်တဲ့ တောင်းဆိုမှုအဖြစ် - မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံက လူပေါင်း ၉၃ သန်းကို အရေးပေါ် ကယ်တင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၂.၂ ဘီလီယံ (မီလီယံအားဖြင့် သန်းပေါင်း ၂၂,၂၀၀) လှူဒါန်းကြဖို့ နိုင်ငံတကာ အလှူရှင်တွေ ထံမှာ မေတ္တာရပ်ခံလိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ချုပ်ရှိရာ ဂျနီဗာကနေ သတင်းထောက် Lisa Schlein ရဲ့ သတင်းပေး ပို့ချက်ကို မခွာညို ပြောပြပေးပါ့မယ်။
ကုလသမဂ္ဂအဖွဲ့ချုပ်က တောင်းဆိုထားတဲ့ငွေပမာဏဟာ လူပေါင်း ၉၃ သန်းကို အရေးပေါ်လိုအပ်ချက်တွေအတွက် ကူညီဖို့ဖြစ်ပြီး အများစုက အသက်အန္တရာယ် ကနေ ကယ်တင်ရမယ့် အရေးပေါ်လိုအပ်ချက်တွေအတွက် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ ပေးကြဖို့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ကုလသမဂ္ဂ ရဲ့ လူသားချင်းစာနာမှု ဆိုင်ရာဌာန ဒုတိယ အတွင်းရေး မှူးချုပ် Stephen O’Brien က အခုလို ပြောပါတယ်။
“၂၀၁၇ ခုနှစ်မှာ လူသားချင်း စာနာမှု အရေးပေါ်ရံပုံငွေ မေတ္တာရပ်ခံချက် ဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ အရေးယူ ဆောင်ရွက်မှု အစီအစဉ်တွေ ပါဝင်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ငွေဟာ ဒေါ်လ ၂.၂ ဘီလီယံ ဖြစ်ပါတယ်။ ဒါဟာ ကုလသမဂ္ဂအနေနဲ့ အများဆုံး တောင်းခံခဲ့တဲ့ ပမာဏာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှု အခြေအနေဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံး တွေ့ကြုံနေရတဲ့ ဆိုးရွားလှတဲ့ အခြေအနေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။”
အခုလို ဒုက္ခသည်တွေ အကူအညီ လိုအပ်နေကြရတဲ့ အကြောင်းအရင်းတွေထဲမှာ လူတွေကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေလည်းပါဝင်ပြီး အရှေ့ အလယ်ပိုင်းဒေသနဲ့ အာဖရိက တိုက်က အများစုပါဝင်တဲ့ အကူအညီ အရေးတကြီး လိုအပ်နေ တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ မြန်မာ နိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေမှာ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ လူသားချင်းစာနာမှုအကူအညီလိုအပ်သူူ ဒုက္ခသည်ပေါင်း ၅ သိန်း ကျော်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်ကြောင်း လျာထား ထားပါတယ်။
မြန်မာနိုင်ငံဟာ အရပ်သားအစိုးရအာဏာလွဲှပြောင်းယူခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လက စလို့ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုက စတင်လာခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ အတွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးကြသူပေါင်း ၂ သိန်း၊ ၁ သောင်း ၈ ထောင် ရှိပြီး အဲဒီအနက် ၈၀ % က အမျိုးသမီး နဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ ၉ သောင်း၊ ၈ ထောင်ဟာ ကချင်နဲ့ ရှမ်းပြည်နယ် ကဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပြန်စခဲ့တဲ့ ပဋိပက္ခ တွေ ကြောင့် ဒုက္ခသည်စခမ်းတွေ၊ ဒုက္ခသည်စခန်းလို အခြေအနေမျိုးနဲ့ ယာယီ စခမ်းတွေ မှာ နေထိုင်နေကြရတာပါ။ ၁ သိန်း၊ ၂ သောင်း ဝန်းကျင် ကတော့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုကြောင့် အိုးအိမ်ရွှေ့ပြောင်းနေကြသူတွေ ဖြစ်ပါတယ်။ နောက်ထပ် ဖြစ်ပေါ်လာတဲ့ ၂၀၁၆ ခုနှစ် အကြမ်းဖက်မှုတွေအတွင်း ထပ်ပြီး အိုးအိမ်ရွှေ့ပြောင်းသူ အရေအတွက် ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
၂၀၁၆ ခုနှစ်အတွင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တိုးပွားလာနေသလို ရခိုင်ပြည်နယ်အတွင်းမှာလည်း လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေကြောင့် အခြေအနေတင်းမာနေတာလည်း ဖြစ်ပါတယ်။
တခြား ကပ်ဘေးဒုက္ခဒဏ်ခံစားနေကြရတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေဟာလည်း အကူအညီပေးမယ့် ဝန်ဆောင်မှုတွေ နည်းပါးတာနဲ့ အကာ အကွယ်ပေးမှုနဲ့ အထောက်အပံ့တွေလည်း ဆက်လက်လိုအပ်နေဆဲဖြစ်ပါတယ်။ ပိုပြီး ဆိုးဝါးစေတာ ကတော့ မြန်မာပြည်သူတွေဟာ - သဘာဝ ကပ်ဘေးတွေဖြစ်ကြတဲ့ ဆိုင်ကလုံး မုန်တိုင်းတွေအပါအဝင် အပူပိုင်းမုန်တိုင်းတွေနဲ့ ငလျင်ဘေးဒဏ်တွေ ကိုလည်း ခံစားကြရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ အာရှမှာ သဘာဝဘေး ဒုက္ခတွေကို ရင်ဆိုင်ရဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေ မှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အားဖြည့်ပေးဖို့ နဲ့ ဒေသတွင်း စားနပ်ရိက္ခာ တိုးမြှင့်ထုတ်လုပ်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်မှာ ဖော်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပဋိပက္ခတွေ၊ အိုးအိမ်မဲ့ဖြစ်ကြသူတွေနဲ့ သဘာဝ ကပ်ဘေး ဒုက္ခတွေကြောင့် ဒုက္ခရောက်နေရ သူတွေဟာ အရေးပေါ် အကူအညီ လိုအပ်နေကြကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း အကြီးမားဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ အကြောင်း ကုလသမဂ္ဂအဖွဲ့ချုပ်၊ လူသားချင်း စာနာမှု ဆိုင်ရာဌာန ဒုတိယအတွင်းရေးမှူးချုပ် Stephen O’Brien - ပြောလိုက်တာပါ။
"လူပေါင်း ၁၂၈ သန်းဟာ အသက်ရှင်နေထိုင်နိုင်ဖို့ လူသားချင်း စာနာမှု အကူအညီ အရေးပေါ်လိုအပ်နေပြီး သူတို့အနေနဲ့ ဘေးအန္တရာယ် ကင်းစွာ၊ လူ့ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင်ဖို့ ကမ္ဘာကြီးက စည်းလုံးခိုင်မာစွာ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ ဒီ လူ့သားချင်းစာနာမှု အကူအညီလိုအပ်ချက်နဲ့ ငွေဟာ လူတွေကြောင့်ဖြစ်ရတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပါတယ်။ ဒီပဋိပက္ခအများစုဟာ အခု ပိုဆိုးလာပြီး ကယ်ဆယ်ရေး အကူအညီတွေ တနှစ်ထက်တနှစ် တိုးလာတာ ဖြစ်ပါတယ်။"
အာဖရိကအပါအဝင် ဆီးရီးယားမှာဆိုရင် လူသားချင်းစာနာမှုအတွက် စိုးရိမ်စရာ အကောင်းဆုံးဖြစ်နေပြီး နိုင်ငံတွင်းမှာ နေရာပြောင်းရွှေ့နေ ထိုင်သူတွေ ၊ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်နဲ့ မှီခိုနေကြရသူ လူပေါင်း ၁၃ သန်း နီးပါး ကို ကူညီဖို့ ကုလသမဂ္ဂ အဖွဲ့ကြီး က ရည်ရွယ်ထားပါတယ်။ လူသားချင်းစာနာမှု အကူအညီဆိုတာ အဖြည့်ခံသဘော၊ ယာယီသဘောလောက်သာ ဖြစ်တဲ့အကြောင်း O’Brien က ပြောပါတယ်။ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံရေးနဲ့ ဖြေရှင်းတာဟာ ငါးနှစ်ကျော်ကြာ စစ်ဒဏ်ကို ခံစားနေကြရတဲ့ ဆီးရီးယား ပြည်သူ တွေရဲ့ ဒုက္ခ သုက္ခတွေကို အဆုံးသတ်စေမယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သူက ဗွီအိုအေကို ပြောပါတယ်။
“လူသားချင်းစာနာမှုအကူအညီလောက် လူတွေရဲ့ကွာဟမှုကို ဖြည့်ဆည်းပေးနိုင် တာ မရှိတော့ပါဘူး။ ဒီအကူအညီကနေ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဆေးကုသမှု၊ နေ ရာရွှေ့ပြောင်းမှု၊ ရေ နဲ့ မိလ္လာစနစ် တွေအပြင် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ အတွက် လိုအပ်တဲ့ တကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့အတူ တခြား အစားအစာ မဟုတ်သော်ငြားလည်း လူတွေ ရှင်သန်နေထိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။”
ဒါ့အပြင် ဆီးရီးယား၊ ယီမင်၊ တောင်ဆူဒန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေဟာ ပြည်တွင်း မှာရော ပြည်ပမှာပါ နေရာရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့ ပမာဏဟာ အလွန် တိုးများလာနေပြီး လူသားချင်းစာနာမှုအကူအညီတွေ အများဆုံး လိုအပ်နေကြ တဲ့နိုင်ငံတွေဖြစ်ကြပါတယ်။ တကယ်တော့ တောင်ဆူဒန်နိုင်ငံက ထွက်ပြေး လာကြတဲ့ လူပေါင်း ၁.၂ သန်းဝန်းကျင်အနက် ၈၀ % ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး ဒီပမာဏ ဟာ အာဖရိကတိုက် အတွင်း ရွှေ့ပြောင်းသွား လာနေကြတဲ့ ဒုက္ခသည်တွေထဲမှာတော့ အကြီးဆုံးပမာဏဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက - သတိပေး ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအစီအစဉ်ဟာ ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ မိတ်ဆွေနိုင်ငံတွေအနေနဲ့ လိင်ကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှု အပါအဝင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ လုံခြုံစိတ်ချရမှုမရှိတဲ့အရပ်ဒေသတွေနဲ့ သဘာဝကပ် ဘေးဒဏ်ခံရတဲ့ အရပ်ဒေသအသီးသီးမှာ နေထိုင်ကြသူတွေအတွက် အကာကွယ်ပေးရေးနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးနိုင်ရေး ပိုပြီး ကျယ်ပြန့်တဲ့ အစီအစဉ်ထဲက တစိတ်တပိုင်းဖြစ်ပါတယ်။ အထူးသဖြင့် အဓိက အာရုံထားမှုကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ခိုကိုးရာမဲ့ သူတွေ၊ နာမကျန်းဖြစ်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေပဲ ဖြစ်ကြ ပါတယ်။
ကယ်ဆယ်ရေးအကူညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့လည်း ပိုမိုထိရောက်တဲ့ နည်း လမ်းတွေနဲ့ လုပ်ဆောင်ပြီး ထင်သာမြင်သာရှိဖို့ လိုအပ်ကြောင်းနဲ့ အလှူရှင်နိုင်ငံတွေ ကလည်း ရေရှည် အလှူငွေ ထည့်ဝင်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် ဒေသခံ ကူညီ ကယ်ဆယ်ရေးတွေ ပေးနေတဲ့ အဖွဲ့တွေကိုလည်း လုပ်ပိုင်ခွင့် ပိုပေးသင့်ကြောင်း မစ္စတာ အိုဘရိုင်ယဲန်က ပြောကြားခဲ့ပါတယ်။
Global Humanitarian Overview 2017 အပြည့်အစုံ ဖတ်ရှုနိုင်သည့်လင့်ခ်
http://www.unocha.org/2017appeal/#p=1
Your browser doesn’t support HTML5