အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk ၂၀၁၉ ခုနှစ် ဆုရှင်တွေအဖြစ် ရွေးချယ်ရာမှာ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ခဲ့ပါတယ်။
Long Island တက္ကသိုလ် ဆုရွေးချယ်ရေးအဖွဲ့က George Polk ဆု နှစ် ၇၀ ပြည့်အဖြစ် မနေ့တုန်းက ဝါရှင်တန်မှာရှိတဲ့ အမျိုးသားသတင်းစာ အသင်းတိုက်မှာ ကြေညာရာမှာ ပြည်ပက ထူးချွန်သူ သတင်းသမားတွေအဖြစ် Reuters သတင်းဌာနက မြန်မာသတင်းထောက် ၂ ဦးကို ရွေးချယ်လိုက်တာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာမူဆလင် ၁၀ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်ရင်း ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသူတွေအဖြစ် ဆုပေးဖို့ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆုရရှိသူတွေကိုတော့ ဧပြီလထဲ ဝါရှင်တန်မှာ အခမ်းအနားကျင်းပပြီး ချီးမြှှုင့်သွားမှာ ဖြစ်ပေမဲ့ ထောင်ဒဏ်ကျခံနေရတဲ့ Reuters သတင်းထောက်တွေကတော့ ကိုယ်တိုင် လက်ခံရယူနိုင်မယ့် အခြေအနေမှာ မရှိပါဘူး။
သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းယူနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက်သတင်း အချက်အလက်တွေကို ဥပဒေနဲ့ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သတင်းစုံစမ်းနေချိန်မှာ သတင်းထောက်တွေ အမှုဆင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း တရားခွင်မှာ အမှုသည်တွေဖက်က ချေပခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့တာပါ။ သတင်းထောက် ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်မှုတွေလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့သလို၊ သတင်းထောက်တွေ လွတ်မြောက်ရေး မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ ကြားဝင်ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
Your browser doesn’t support HTML5