ဂါဇာမှာရှိတဲ့ စစ်သွေးကြွတွေကို လေကြောင်းကနေ အကြီးအကျယ် ဆက်ထိုးစစ်ဆင်ဖို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးလ်စစ်တပ်ကို အမိန့်ပေးလိုက်ပြီး၊ ဂါဇာနယ်စပ်ကိုလည်း သံချပ်ကာကားတွေ၊ အမြောက်တွေ အပါအဝင် အစ္စရေးတပ်တွေကိုလည်း စေလွှတ်လိုက်ပါတယ်။
စစ်သွေးကြွတွေက မနေ့စနေနေ့က ဟမားစ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသက အစ္စရေးလ်တောင်ပိုင်း ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ ဒါကို အစ္စရေးလ်ဘက်က လေကြောင်းကနေရော၊ သံချပ်ကာကားတွေနဲ့ ပြန်ပြီးတော့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တဦးအပါအဝင် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမားရေး တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမဲ့ အစ္စရေးလ်ရဲ့ အဆိုအရတော့ စစ်သွေးကြွ ၈ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဟမားစ်ဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် အစ္စရေးလ် ၁ ဦးသေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
အစ္စရေးလ်ရဲ့ ဒုံးကျည် တခုက ဂါဇာမှာရှိတဲ့ တူရကီ Anadolou သတင်းဌာန အဆောက်အအုံထိမှန်သွားခဲ့ပြီး၊ ဒါကို တူရကီဘက်က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ စစ်သွေးကြွတွေဟာ အစ္စရေးလ်နယ်မြေထဲကို ဒုံးကျည် ၄၀၀ ထက်မနည်း နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးလ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်ဒါဇင်ပေါင်းများစွားကို ကာကွယ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5