အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းမှာ လူ ၂၀ ထက်မနည်းသေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရတဲ့ ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသ အလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတနေရာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းမှာ လူ ၂၀ ထက်မနည်းသေဆုံး
Gaza hospital says 20 killed in Israeli strike on Nuseirat

ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသ အလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းက အိမ်တအိမ်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးသွားတယ်လို့ ဂါဇာဆေးရုံက ဒီကနေ့ ပြောပါတယ်။ Al-Nuseira ဒုက္ခသည်စခန်းအတွင်းမှာရှိတဲ့ Hassan မိသားစုအိမ်ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ Al-Aqsa Martyrs ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနက် ၃ နာရီလောက်မှာ လေကြောင်းက တိုက်ခိုက်ခံခဲ့ရတာလို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ အစ္စရေး စစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေထဲ ကလေးငယ်တွေပါဝင်ပြီး အဆောက်အဦးပျက်တွေကြားက ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက လိုက်လံ ရှာဖွေနေတယ်လို့ ပါလက်စတိုင်းသတင်းဌာန Wafa မှာ ဖော်ပြထားပါတယ်။

ဂါဇာက တခြား ဒုက္ခသည်စခန်းတခုဖြစ်တဲ့ Jabalia မှာလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတပ်ဖွဲ့တွေ ရက်အတန်ကြာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်မှာ နောက်ထပ် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၇ နေ့မှာ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း အခုချိန်ထိ အစ္စရေးစစ်သား ၂၈၂ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။