စီးပွားရေးအင်အားကြီး G7 နိုင်ငံတွေနဲ့ မဟာမိတ်ဘဏ်တွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ အပ်နှံထားတဲ့ ရုရှားငွေတွေထဲက အတိုးတွေကို ယူကရိန်းအတွက် ဘယ်လိုသုံးစွဲမယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေကို G7 ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးနေကြပါတယ်။
ယူကရိန်းနိုင်ငံ Kharkiv ဒေသအပေါ် ရုရှားတို့ ထိုးစစ်ဆင်နေတာကို ယူကရိန်းဘက်က ခုခံတိုက်နိုင်အောင် ဘယ်လို ထောက်ပံကူညီမလဲဆိုတာကို အီတလီနိုင်ငံမြောက်ပိုင်း Stresa မြို့မှာ G7 ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးနေကြတာပါ။ ယူကရိန်းကို ရုရှား စစ်ဝင်တိုက်ခဲ့ပြီးနောက် G7 နဲ့ မဟာမိတ်နိုင်ငံတွေမှာ ရုရှားဘဏ္ဍာငွေ ဒေါ်လာဘီလျံ ၃၀၀ လောက်ကို ထိန်းချုပ်ထားပါတယ်။
အဲဒီထိန်းချုပ်ငွေတွေကနေရတဲ့ အတိုးတွေကို ယူကရိန်းအတွက် အသုံးပြုဖို့ EU ဥရောပသမဂ္ဂက ဒီသတင်းပတ်ထဲမှာ တရားဝင်အတည်ပြုခဲ့ပြီးနောက် ငွေတွေကို ဘယ်လို သုံးစွဲမယ်ဆိုတဲ့ အစီအစဉ်တွေကို G7 ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။ G7 ခေါင်းဆောင်တွေ နောက်ဆုံးအတည်ပြုချက် မဆုံးဖြတ်ခင် ဘဏ္ဍာရေးဝန်ကြီးတွေကြား မူအားဖြင့် အရင်သဘောတူနိုင်လိမ့်မယ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က ပြောပါတယ်။
ယူကရိန်းအရှေ့ခြမ်း Kharkiv ဒေသမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရုရှားက တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်နေတာကို ယူကရိန်း တပ်ဖွဲ့တွေဘက်က ခုခံဟန့်တား ထားနိုင်တယ်ဆိုပေမဲ့ ရုရှားတပ်ဖွဲ့တွေက တစိတ်တပိုင်း အသာစီးရနေတာကို ယူကရိန်း ထိပ်တန်းစစ်ဘက်အရာရှိက ဝန်ခံပြောဆိုထားပါတယ်။ အကူအညီ လိုအပ်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေကိုအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelensky က တိုးမြှင့်တောင်းဆိုနေပါတယ်။ အမေရိကန်အစိုးရကတော့ ယူကရိန်းအတွက် ထပ်တိုးစစ်ရေးအကူအညီ ဒေါ်လာ ၂၇၅ သန်း တိုးပေးမယ့်အကြောင်း မနေ့ သောကြာနေ့ကပဲ ကြေညာထားပါတယ်။